ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နန်းမားရဲစခန်းတွင် ယမန်နေ့ည ရှစ်နာရီက မိုင်းပေါက်ကွဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများထံမှသိရသည်။

နန်းမားမြို့၊ ရန်အောင်ရပ်ကွက်ရှိ ရဲစခန်းဝင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချို့သေဆုံးထိခိုက်သူများရှိသည်ဟု နန်းမားဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဗုံးကွဲပြီးတော့ ည ဆယ်ခွဲ၊ ဆယ့်တစ်လောက်မှာ နာရေးကားတွေ ဝင်သွားတယ်။ ဘယ်လောက်သေတယ်၊ ဘာလောက်ကျိုးတယ် ကန်းတယ်တော့ မပြောတတ်ဘူး။ နာရေးကား သုံး၊ လေးစီးလောက် ဝင်သွားတယ်” ဟုပြောသည်။

မပေါက်ကွဲသည့်မိုင်းကို စမ်းသပ်ရာမှ ပေါက်ကွဲခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု အတွင်းသတင်းရရှိကြောင်း အခြားနန်းမားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဗုံးတစ်လုံးပေါက်ကွဲပြီး ငါးယောက်သေတယ်လို့ ဖရဲသီးသတင်းရရှိတယ်။ စကစ (စစ်ကောင်စီ)တွေက ရဲစခန်းကိုလာရာကနေ မအောင်ဘူးလို့ ယူဆရတဲ့ဗုံးကို ဘာသွားလုပ်တယ်မသိဘူး။ အဲ့ဒီက ထကွဲတာလို့ ပြောတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခြင်း ရှိ၊ မရှိကိုမူ The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့်နှစ်‌ မေလ ၃ရက်နေ့ကလည်း အဆိုပါနန်းမားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ