ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီအနီးနေထိုင်သည့် ဖားကန့်မြို့ အေးမြသာယာအုပ်စုမှ ရေမဆေးသမားများကို ကျောက်တူးဖော်ရေးလုပ်ငန်းအတွက် ဖေဖော်ဝါရီ (၂၅) ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွေ့ခိုင်းကြောင်းသိရသည်။

ရှရော်ခကျေးရွာတွင် အခြားဒေသမှ ကျောက်လာရှာသည့် ရေမဆေးသမားများက မိုးကာများဖြင့်တဲတည်ဆောက်ကာ နေထိုင်နေကြသော မြေနေရာအတွက် ငွေကြေးပေးကာ အခြားနေရာသို့ ပြောင်ရွှေ့ခိုင်းခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကုမ္ပဏီတွေလုပ်မယ်ဆို အဲ့မှာရှိတဲ့ တဲတွေအကုန်ဖယ်ပေးရတယ်။ ပြီးတော့လျော်ကြေးလည်းပေးတယ်။ အဆင်ပြေပါတယ် နေရာသစ်လည်းပြန်ရတာဆိုတော့ ဈေးရောင်းချင်လည်းရောင်း မရောင်းလည်းအဲ့မှာနေပြီ ကျောက်ရှာပေါ့”ဟုသူကပြောသည်။

အဆိုပါနေရာတွင် ရေမဆေးမိသားစုများက ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစတင်ကာ မိုးကာတဲများ တည်ဆောက်ကာ နေထိုင်နေကြခြင်းဖြစ်ပြီး တဲပေါင်း ၁၅၀ ခန့်ရှိကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။

“အစကတော့ ဆယ်တဲလောက်ရှိမယ် ခုနောက်ပိုင်းတော့ပိုများလာတယ်၊၊ ဘယ်လိုပြောရမလဲ ဒီမှာကျောက်လာရှာရတာ ဝေးလို့ဆိုပြီး အဲ့ဒီမြေစာပုံးနား တဲထိုးပြီး သူတို့မိသားစုကို ခေါ်နေကြတာပေါ့။ အဲလိုနေရင်းကနေ တစ်ဆတစ်ဆ ပိုများလာတယ်လို့ဆိုရမှာပေါ့” ဟုသူကပြောသည်။

ယာယီတဲများဖြင့် နေထိုင်နေသူများကို ရှရော်ခအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်မိရပ်ဖများက အခြားနေရာသို့ပြောင်းရွေ့ပေးရန်နှင့် ငွေကျပ်တစ်သိန်းလည်းပေးဟု ပြောဆိုသွားကြောင်း သိရသည်။

ပြောင်းရွှေ့နေထိုင်ရမည့်သူများအတွက် မြေစာပုံအဟောင်းတွင် မြေညှိကာ တစ်အိမ်ထောင်အတွက် ပေနှစ်ဆယ်၊ သုံးဆယ်အကွက်များချမှတ်ပေးမည်ဖြစ်ပြီး အဆိုပါနေရာသို့ ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့ အေးမြသာယာရပ်ကွက် ရှရော်ခကျေးရွာတွင် အိမ်ခြေပေါင်း (၈၀၀) ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ခန့်နေထိုင်ကြောင်း သိရသည်။

သတင်း – SK

ဓါတ်ပုံ – SK

သင့်ထင်မြင်ချက်ရေးပေးပါ