ဒေသခံပြည်သူများက အကြိမ်ကြိမ်သွားရောက်သတိပေး ကန့်ကွက်ခဲ့သော်လည်း စက်ယန္တာရားကြီးများဖြင့် ဆက်လက်ရွှေတူးဖော်နေသဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားထွက်ခွာသွားရန် ပူတာအိုမြို့နယ် လန်းတောင်ကျေးရွာဒေသခံများက ထပ်မံသတိပေးခဲ့ကြောင်းသိရသည်။

ကချင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော သမိုင်းဝင်နေရာဖြစ်သော အင်ဒွမ်လတပ် အင်ဖီဂါးဒေသ(ရွာဟောင်း) တွင် ရွှေတူးဖော်နေသူများအနေဖြင့် ထွက်ခွာမည်ဖြစ်ကြောင်း ကတိကဝတ်လက်မှတ်ရေးထိုးထားသော်လည်း ထွက်ခွာခြင်းမရှိသေးကြောင်း ပူတာအိုမြို့မှ ခခူးဘရန်က The 74 Media ကိုပြောသည်။

“ဒီနေရာကနေ သမိုင်းဝင်နေရာဖြစ်တယ် ဘယ်သူ့ကိုမှ ရွှေတူးခွင့် မပေးနိုင်ဘူး။ အမြန်ထွက်သွားပေးပါလို့ ပြောတယ်။ သူတို့ဖာသာ မထွက်သွားရင် ကျွန်တော်တို့ကိုယ်တိုင် တဲတွေလာဖျက်တာတွေ လာလုပ်မယ်လို့ ပြောထားတယ်” ဟုသူကပြောသည်။

နှုတ်ဖြင့်သတိပေးခြင်းနှင့် ရပ်တန့်ခြင်းမရှိပါက ဥပဒေအရ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးစာများကပ်ခဲ့သော်လည်း ရပ်တန့်သွားခြင်းမရှိသောကြောင့် ပူတာအို ဂျိန်းဖောရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြီး ဘက်ဟိုးကားတစ်စီး၏ သော့သိမ်းယူခဲ့ကြောင်း သူကဆက်ပြောသည်။

“အဲ့ဒီနေရာကို ပြန်သွားကြည့်တဲ့အချိန် ရွှေတူးတာတွေ မရပ်သေးဘူး။ အဲ့ဒီက လောပန်းအားယုံဆိုတဲ့သူရဲ့ ဘက်ဟိုးသော့ သိမ်းလိုက်တယ် ပြီးရင် ရိုးရာရုံးမှာ ပြန်လာယူခိုင်းလိုက်တယ်။ ညနေပြန်လာယူသွားတယ်” ဟုသူကပြောသည်။

သတ်မှတ်ထားသော် မြေနေရာထက် ကျော်လွန်ကာရွှေတူးဖော်မှုကို ရပ်တန့်ပေးရန် ကချင်ပြည်နယ်အစိုးရနှင့် ကေအိုင်အေထံ ကန့်ကွက်စာများ ပေးပို့ခဲ့ပြီး ကချင်ပြည်နယ်အစိုးရက စာပြန်လည်ပေးပို့လာသော်လည်း ထိရောက်သော တုန့်ပြန်မှုများ လုပ်ဆောင်ပေးခြင်းမရှိကြောင်း ပူတာအိုမြို့မှ ခခူးလာကပြောသည်။

“စစ်ကောင်စီက ပြန်ပို့ပေးတဲ့စာမှာက သူတို့မြေဧရိယာ သတ်မှတ်ထားတာတွေပါတယ်။ သူတို့သတ်မှတ်ထားတာနဲ့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ သမိုင်းဝင်မြေနေရာအကျယ်အဝန်းက အရမ်းကွာနေတယ်။ ပြီးရင် အခုတူးနေတာကလည်း သူတို့(စစ်ကောင်စီ) သတ်မှတ်ထားတဲ့ မြေနေရာထက်ကျော်နေပြီ” ဟုသူကပြောသည်။

အဆိုပါနေရာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစတင်ကာ ဦးခေါ်တားဆိုသူက စတင်ဝင်ရောက်လာပြီး ယခုအချိန်တွင် လုပ်ငန်းရှင် ခုနှစ်ဦးက အမည်ခံကာ အစုရှယ်ယာရှင်များနှင့် မြေဧကနှစ်ဆယ်ခန့်တွင် တရားမဝင်ရွှေတူးဖော်နေကြကြောင်း ဒေသခံများထံကပြောသည်။

ရွှေတူးဖော်နေသူများကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်နှင့် ၂၀၂၃ ဇန်နဝါရီလတွင် တစ်ကြိမ် သွားရောက် သတိပေးခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တတိယအကြိမ်အဖြစ် ကျေးရွာရှစ်ရွာမှ ဒေသခံ ၇၀ ကျော်ဖြင့် သွားရောက်သတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း –  Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ