ဖားကန်မြို့ ကြက်တကောင်ကုန်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာအနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦး ယနေ့ မွန်းလွှဲ ၁ နာရီခန့်က ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

အမည်မသိ လက်နက်ကိုင်ဆောင်ထားသည့် လူငါးဦးက ဆိုင်ကယ်နှစ်စီးဖြင့် နေအိမ်အတွင်းဝင်ရောက်ကာ ပစ်သတ်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“Mask တပ်ထားတော့ရုပ်တွေသေချာမမြင်လိုက်ရဘူး။ လူငယ်ပိုင်းလေးတွေဟုတ်တယ်။ ဘာကိစ္စကြောင့်သတ်လိုက်လဲတော့ မသိဘူး။ သေသွားတဲ့သူကတော့ ကျောက်အရောင်းအဝယ်ပဲ လုပ်တာဟုတ်တယ်” သူကပြောသည်။

အသတ်ခံခဲ့ရသူမှာ အသက် ၄၉ နှစ်ခန့်အရွယ်ရှိ ဦးသန်းစိုးနိုင်ဆိုသူဖြစ်ပြီး ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကျည်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေအခြားပြည်သူတစ်ဦးက ပြောသည်။

“သေနတ်သံ ငါးချက်လောက်ကြားလိုက်ရတယ်။ ဘာဖြစ်တာလဲပေါ့ ခဏကြားတော့ ကိုသန်းစိုး အသတ်ခံလိုက်ရပြီတဲ့ စိတ်မကောင်းဖြစ်မိတယ်။ လာပစ်တဲ့သူတွေကလည်း ပစ်ပြီးတော့တန်းပြေးသွားတယ်။” ဟုသူကပြောသည်။

ဖားကန့်မြို့ လုံးခင်းကျေးရွာအဝင် မှော်စီစာကျေးရွာအထွက်ရှိ ရေတွင်းဟောင်းအနီးတွင် ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း အမည်မသိအမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

သတင်း – SK

ဓါတ်ပုံ – KNG

သင့်ထင်မြင်ချက်ရေးပေးပါ