စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော မုံရွာစီးပွားရေးတက္ကသိုလ်ရှေ့ရှိ စစ်ကောင်စီဂိတ်နှင့် ပျူစောထီးရွာဟုခေါ်သော တောပုကျေးရွာကို ယမန်နေ့က တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မုံရွာစီးပွားရေးတက္ကသိုလ်ရှေ့တွင် တပ်စွဲကာ ဖြတ်သန်းသွားလာနေသော ကား၊ ဆိုင်ကယ်များကို ဥပဒေမဲ့ ငွေကြေးကောက်ခံနေသော စစ်ကောင်စီဂိတ်ကို ယမန်နေ့ နေ့လယ် ၂ နာရီခန့်က သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) ၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့က ကျွန်တော်တို့အရင် လက်ဦးမှုယူပြီး သွားတိုက်ခဲ့တာဆိုတာ့ သူတို့ဘက်က အထိနာတယ်လို့ဆိုရမယ်။ သူတို့ကလည်း ပြန်ပြီးပစ်တယ်။ အဲ့မှာ ဂိတ်စောင့်နေတဲ့သူတွေတော့ သေသွားတော့ သူတို့ ကားတွေနဲ့ပဲ ပြန်သယ်သွားကြတာ။ အဲ့ဂိတ်က ဖြတ်သွားတဲ့လူတွေကိုလည်း ပိုက်ဆံယူ၊ လုတာတွေလည်း လုပ်တယ်လေ” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသည်ဟု သိရသော်လည်း The 74 Media က အတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကောင်စီဂိတ် တိုက်ခိုက်ခံခဲ့ရပြီးနောက် အစစ်အဆေးပိုမိုတင်းကြပ်နေပြီး အနီရောင်အင်္ကျီဝတ်ဆင်ထားသူများကို စစ်ဆေးမှုပြုလုပ်နေကြောင်း မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီနေ့ကတော့ အစစ်အဆေးတွေ ပိုကြပ်နေတယ်။ မနေ့ကဆို အနီရောင်ဝတ်တဲ့လူတွေကိုဆို ပိုပြီး စစ်မေးတာရှိတယ်။ ဖမ်းဆီးတာတော့ မကြားမိသေးဘူး” ဟု ပြောသည်။

စစ်ကောင်စီဂိတ်စခန်းကို သွားရောက်ပစ်ခတ်ခဲ့သော မြို့နယ် ပ.လ.ဖ အဖွဲ့တွင် အနီရောင် အင်္ကျီဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးပါဝင်သဖြင့် အလားတူ အနီရောင်အင်္ကျီဝတ်ဆင်ထားသူများကို အဓိကထားစစ်ဆေးခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာဟုခေါ်သော တောပုကျေးရွာမှ ပျူစောထီးအဖွဲ့သည် အနီးအနားရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးဆိုးလုယက်မှုအပြင် လက်နက်ကြီးပစ်ခတ် ခြိမ်းခြောက်မှုများ မကြာခဏပြုလုပ်နေသောကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ယမန်နေ့ ညရှစ်နာရီခွဲခန့်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Monywa Fighter Group ၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။၊

“တောပုပျူရွာက အင်အားလည်းတော်တော် တောင့်တယ်လေ။ ဘာလို့ဆို အဲ့မှာ စစ်သားတွေအချို့ရော အင်အားဖြည့်ပြီး တစ်ရွာလုံးလက်နက်ကိုင်ထားကြတာကိုး။ သူတို့ရိက္ခာကုန်ရင် အဲ့ရွာတွေမှာ ခိုးဆိုးလုနိုက်ကြတာလေ။ လူဖမ်းလူသတ်တာတွေတောင် လုပ်နေကြဆိုတော့။ မနေ့ညက အဖွဲ့ ဆယ်ဖွဲ့လောက်ပေါင်းပြီး တိုက်တော့ သူတို့တော်တော်အထိနာတယ်ထင်တယ်။ သေဆုံးတဲ့စာရင်းတွေကျ မသိရသေးဘူး စုံစမ်းနေတုန်းပါပဲ” ဟု ဆိုသည်။

အဆိုပါ ပျူစောထီးကျေးရွာကို Monywa Fighter Group၊ MPDF၊ MRDA ရင်း ၆ တပ်ခွဲ ၂၊ Aung San Force အပါအဝင် အခြားသော ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ စုစုပေါင်း ၁၀ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျူစောထီးကျေးရွာဟုဆိုသော တောပုကျေးရွာသည် မုံရွာမြို့၏ တောင်ဘက် လေးမိုင်ခန့်အကွာအဝေးတွင် တည်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း သုံးထောင်ခန့်နေထိုင်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က တောပုကျေးရွာမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ကျေးရွာအနီးတွင် နေထိုင်သော အသက် ၈၈ နှစ်အရွယ် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ