မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ဒေသအခေါ် ဂျပန်တံတားအနီးတွင် ယခုရက်ပိုင်းအတွင်း ညစဉ် စစ်ကောင်စီတပ်က စစ်ဆေးမှုများတင်းကြပ်စွာပြုလုပ်နေကြောင်းသိရသည်။

လွန်ခဲ့သည့်လေးရက်ခန့်မှစတင်ကာ ဖြတ်သန်းသွားလာသူများကို နေရပ်လိပ်စာအပြည့်အစုံ မေးမြန်းကာ ဆိုင်ကယ်တူးလ်ဘောက်များကိုလည်း စစ်ဆေးခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်မှာနေလဲ၊ ဘယ်သွားမှာလဲ၊ ဘယ်ချိန်ပြန်လာမှာလဲ ဆိုင်ကယ်ဖြည်းဖြည်းမောင်း။ အကြွေတွေ တူးဘောက်မှာအများကြီးထည့်ထားတာ အကြွေအများကြီး ယူလို့ရလားတဲ့။ မရဘူးလို့ တမင်စုထားတာ။ အဲ့တူးဘောက်ပြည့်အောင်ထည့်မလို့ စုဘူးမဝယ်နိုင်သေးလို့ပြောလိုက်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးခန့်က အရပ်ဝတ်ဖြင့် ယနေ့ည ၇ နာရီခန့်ကလည်း ဒေသအခေါ် ဂျပန်တံတားလမ်းတွင် ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ခုပဲကျွန်မတို့ အိမ်ပြန်လာတာကို စစ်နေတာ။ ယာဉ်မောင်းလိုင်စင်စစ်တာ တခြားတော့ မစစ်ဘူး။ အမှောင်ထဲမှာမို့ အတိအကျတော့မတွေ့ဘူး။ ဇေယျာမင်းဟိုဘက်ခြမ်း ကုန်တင်ကုန်ချကွေ့တဲ့ ဘက်ခြမ်းမှာ။ ကျွန်မတို့လည်း လိုင်စင်ပဲပြပြီး လိုင်စင်မြင်တာနဲ့ ၁၀ နာရီမကျော်စေနဲ့ဆိုပြီးပြောခဲ့တယ်” ဟုပြောသည်။

အမျိုးသမီးများကို စစ်ဆေးမှုမတင်းကြပ်သော်လည်း အမျိုးသားများကိုမူ ဆိုင်ကယ်တူးဘောက်နှင့် အိတ်များပါမကျန် စစ်ဆေးခံရသောကြောင့် စိတ်အနှောက်အယှက်ဖြစ်ရကြောင်း တပ်ကုန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

“တူးလ်ဘောက်တွေ ဘာတွေ အိတ်တွေပါရင် အိတ်တွေထဲစစ်တယ်။ စိတ်အနှောက်အယှက် ဖြစ်တယ်ကွာ။ ဘယ်အချိန် ဘာထစစ်မလဲမသိဘူးလေ။ သူတို့ရှိတဲ့နေရာတွေဆိုရင်ကွာ ဗုံးပေါက်တာတို့ ဘာတို့ ဖြစ်နိုင်ခြေများတယ်လေ။ ကိုယ့်အိမ်ကိုယ်ပြန်တာတောင် ရှယ်လိုက်ကြည့်ခံနေနေရတယ်‌တော့ ငါဟေ့စိတ်ညစ်တယ်” ဟုပြောသည်။

မြစ်ကြီးနားမြို့တွင် ဇန်နဝါရီလ ၂၄ ရက်နေ့က မြေမြင့်ရပ်ကွက်ရှိ မြဝတီဘဏ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အနှံ့တွင် ဆိုင်ကယ်ဖမ်းဆီးစစ်ဆေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း – Nan non

သင့်ထင်မြင်ချက်ရေးပေးပါ