ဒေသခံများ၏ စိုက်ပျိုးမြေဧရိယာအတွင်း စက်ယန္တရားကြီးများအသုံးပြုကာ ရွှေတူးဖော်လာနေသဖြင့် ပူတာအိုမြို့နယ်၊ အင်လွယ်ယန်ကျေးရွာဒေသခံများ ကန့်ကွက်နေကြောင်းသိရသည်။

ကျေးရွာဧရိယာအတွင်း ဒေသခံများ၏ တောင်ယာနှင့်လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် လျာထားသောမြေနေရာများအထိ ရွှေတူးဖော်လာမှုကြောင့် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကြသော ဒေသခံများအခက်တွေ့နေကြောင်း အသက် ၅၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အင်လွယ်ယန်ရွာက အခုမှ လူပိုများလာတာဟုတ်တယ်။ သူတို့ရွှေထူးနေတာက တစ်ရက်ပြီးတစ်ရက် ရွာနဲ့ အရမ်းနီးလာပြီ။ မြေကြီးဆိုတဲ့ဟာက တစ်ခါပျက်စီးသွားရင် ပြန်လုပ်လို့မရတော့ဘူး။ နောင်လာနောက်သားအတွက်လည်း စဉ်းစားပေးရမယ်” ဟုပြောသည်။

သက်ဆိုင်ရာ ဌာနဆိုင်ရာများထံ ကန့်ကွက်ကြောင်း နှစ်ကြိမ်တိုင်တိုင် စာတင်ခဲ့သော်လည်း အကြောင်းထူးလာခြင်း မရှိကြောင်း သူကဆက်ပြောသည်။

“ရွှေတူးတဲ့သူတွေက သူတို့ရဲ့အကျိုးအတွက်ပဲကြည့်တာ။ လက်ရှိအာဏာပိုင်တွေလဲအတူတူပဲ။ ငါတို့က ငါတို့ရဲ့မြေယာတွေလိုချင်တာ။ တခြားဘာမှမလိုချင်ဘူး။ ရွှေတူးနေတဲ့သူတွေ မြန်မြန် ထွက်သွားစေချင်တယ်” ဟုကဆက်ပြောသည်။

လက်ရှိရွှေတူးဖော်နေသူများသည် ဘက်ဟိုးများနှင့် အခြားစက်ယန္တာရားကြီးများ အသုံးပြုကာ ဒေသခံများ၏ မြေယာ ဧက ၁၀၀ ကျော်ခန့်တူးဖော်ခဲ့ပြီးဖြစ်ကြောင်း အမည်မဖော်လိုသူ ရပ်မိရပ်ဖတစ်ဦး ကပြောသည်။

“ရွှေတူးတဲ့သူတွေက သူတို့ရွှေဆက်တူးလို့ရအောင် နည်းလမ်းအမျိုးမျိုးလုပ်တယ်။ ရွာမှာ ဘာလုပ်ပေးရမလဲလို့ပြောတယ်။ ဒါပေမဲ့ ငါတို့ဒေသခံတွေက ငါတို့ရဲ့ခြံမြေတွေမှာ သူတို့တူးထားတာတွေ မြေပြန်ညှိပြီး ထွက်သွားတာပဲလိုချင်တယ်” ဟုပြောသည်။

ဒေသခံများကန့်ကွက်နေကြသော ရွှေလုပ်ကွက်၏ လုပ်ငန်းရှင်များမှာ ဒေါ်အေးရင်၊ ဦးလွမ်းမောင်၊ ဦးသိန်းကျော်နှင့် ဦးယောလေးဆိုသူတို့ဖြစ်‌ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါလုပ်ငန်းရှင်များနှင့် ဆက်သွယ်မေးမြန်းနိုင်ရန် The 74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယခုကဲ့သို့ ရွှေတူးဖော်မှုကို အင်လွယ်ယန်ကျေးရွာအနီးပတ်ဝန်းကျင်တွင် ပြီးခဲ့သည့်နှစ် ဧပြီလခန့်မှ စတင်တူးဖော်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကျေးရွာဧရိယာအတွင်းရှီ ဒေသခံများ၏ စိုက်ပျိုးမြေဧရိယာအတွင်းရောက်ရှိလာကြောင်းသိရသည်။

အင်လွယ်ယန်ကျေးရွာပါဝင်သော လန်းတောင်ကျေးရွာအုပ်စုသည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း တစ်ထောင်ခြောက်ရာကျော်ခန့်နေထိုင်သောဒေသဖြစ်ကာ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်နေသောကျေးရွာဖြစ်သည်။

သတင်း – Dureng

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ