ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) နယ်မြေသို့ စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်လာသဖြင့် မံစီမြို့နယ်တွင် လေးရက်ဆက်တိုက် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

မိုင်းခေါင်ကျေးရွာမှ သုံးမိုင်ခန့်ကွာဝေးသော လိုင်ကာကျေးရွာနှင့် ဇွပ်ဂျာကျေးရွာကြားရှိ မဂျီဘွမ်ဗျူဟာကုန်းသို့ ချီတက်လာသည့် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၂၃၇)နှင့် ခ.လ.ရ (၂၂၃) စစ်ကြောင်းကို ယမန်နေ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဗန်းမော်ဘက်ကတက်လာတဲ့တပ်နဲ့ မံစီသံတံတားရွာဘက်ကတက်လာတဲ့ စစ်ကြောင်းကို ကြိုစောင့်ပြီးတိုက်တာ။ စစ်ကောင်စီတပ်တွေက မဂျီဘွမ်ဘက် ရိက္ခာသွားပို့တာပေါ့ လမ်းပြင်မလို့ တက်လာတာ။ ခဏနားလိုက်ပြန်ပစ်လိုက်နဲ့ ညနေလေးနာရီလောက်မှနားတယ်” ဟု သူကပြောသည်။

လိုင်ကာကျေးရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေချိန် မိုင်းခေါင်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး ပစ်ကူခဲ့သောကြောင့် အနီးရှိ လယ်ကွင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သူကပြောသည်။

အင်အား ၃၀၀ ခန့်ပါရှိသော အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ရိက္ခာသယ်သည့် ကားနှစ်စီး၊ ဘူဒိုဇာတစ်စီးတို့ဖြင့် လမ်းရှင်းလင်းရေးပြုလုပ်ရန် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပန်ခမ်းကျေးရွာသို့ စစ်ကြောင်းထိုးလာချိန် စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“ဒီစစ်ကြောင်းက အဘဆိုတဲ့တစ်ယောက်က လိုင်ကာရွာကရွာလူကြီးကို လမ်းရှင်းပေးဖို့ပြောပေးပါ ရွာဥက္ကဌနဲ့လည်း တွေ့ချင်တယ်ဆိုပြီးပြောတယ်။ အကုန်လုံးစစ်ရှောင်နေတယ် မသိဘူးလို့ပြောတော့ အဲ့ဒါဆိုရင် လိုင်ကာရွာက ဘယ်သူကိုပဲတွေ့တွေ့ အကုန်လုံးကို ကေအိုင်အေလို့ပဲ သတ်မှတ်လိုက်မယ်လို့ပြောတယ်” ဟုပြောသည်။

စစ်ရေးတင်းမာနေသောကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်ကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသဖြင့် အချို့က အကာအကွယ်ရရှိရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြောင်း သူက ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာချိန်မှစတင်ပြီး မိုင်းခေါင်ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများကို ညနေ ၅ နာရီနောက်ပိုင်း နေအိမ်အပြင်မထွက်ရန် ရွာလူကြီးများက မှာကြားထားကြောင်း ဒေသခံများထံကသိရသည်။

လေးရက်တာတိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးနှင့် ပတ်သက်ပြီး The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ တစ်ကျော့ပြန်တိုက်ပွဲကြောင့် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာအနီးရှိ လိုင်ကာကျေးရွာ၊ ဇွပ်ဂျာကျေးရွာနှင့် ဂျေဆွမ်းကျေးရွာအပါအဝင် ကျေးရွာခြောက်ရွာခန့်သည် ၂၀၁၃ ခုနှစ်မှစတင်ပြီး မိုင်းခေါင်ကျေးရွာသို့ တိုက်ပွဲရှောင်နေကြကာ စစ်ရှောင်အိမ်ထောင်စု ၄၀၀ ခန့်ရှိကြောင်း သိရသည်။

သတင်း –  Pan Soon

ဓါတ်ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ