ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာတွင် အသက် လေးနှစ်အရွယ် ကလေးသူငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွှဲ သုံးနာရီခန့်က အသက် လေးနှစ်အရွယ် မိန်းကလေးတစ်ဦး အဝတ်ဗလာနှင့် ဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်းကို ဒေသအခေါ် သိမ်ကြီးစုချောင်းဘေး ခြုံပုတ်တစ်နေရာတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု နောင်တာလော ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကလေးကို အဲ့ကောင်က မုန့်ကျွေးမယ် ဘာညာဆိုပြီး ခေါ်သွားတာတဲ့။ အဲ့ကောင်ကလည်း သူတို့ အလုပ်ထဲကလူပဲ။ သူ့အဖေပြန်လာတော့ ကလေးကမရှိနေဘူး။ အဲ့ဒါနဲ့ အုတ်လုပ်တဲ့နေရာက အမျိုးသမီးတွေရော အကုန် လူစုခွဲပြီးရှာတော့မှ ချောင်းဘေးမှာတွေ့တာပဲ။ ကလေးက ဒဏ်ရာတွေနဲ့ သွေးတွေကြီးပဲ မျက်နှာတွေမှာရော ခန္ဓာကိုယ်မှာရော ဒဏ်ရာတွေနဲ့ သွေးတွေပဲ ပြီးတော့ ကလေးအင်္ဂါရော။ ကလေးအလောင်းက ရေလည်းစိုထားတာဆိုတာ့ ရေအရင်နှစ်ပြီးမှ သတ်ထားတာထင်တယ်။ မုဒိမ်းကောင်ကလည်း သူမဟုတ်တဲ့အတိုင်း သူအခန်းထဲမှာပဲ ပြန်ဝင်အိပ်နေတာ။ မသင်္ကာလို့ စစ်ကြည့်တော့မှပဲ သူ့မှာရော ဆူးရာတွေရှိနေပြီး သွေးတွေထွက်နေလို့ ရဲစခန်းကိုခေါ်ပြီး ဖမ်းသွားလိုက်ပြီ” ဟု ပြောသည်။

လူသတ်အဓမ္မပြုကျင့်ခဲ့သော အမျိုးသားမှာ အုတ်ဖိုလုပ်ငန်းလုပ်ကိုင်သော အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဝိုင်းမော်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သူက ဆက်ပြောသည်။

သတ်ဖြတ်ခံရသော ကလေးငယ်မှာ ဖခင်ဖြစ်သူနှင့် နှစ်ဦးတည်း နောင်တာလော‌ကျေးရွာတွင် နေထိုင်ကြောင်း သိရသည်။

သေဆုံးသွားသော ကလေးသူငယ်ကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က နောင်တာလောကျေးရွာ သုဿာန်တွင် သင်္ဂြိုလ်ပြီးဖြစ်ကြောင်းနှင့် အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း ဝိုင်းမော်ဆေးရုံကြီးမှ အတည်ပြုယူခဲ့ခြင်းဖြစ်သည်ဟု ပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဆေးရုံက အတည်ပြုချက်အရရော မုဒိမ်းကျင့်သတ်ဖြတ်ခံရတယ်ဆိုတာ သိရတယ်။ ပြီးတော့ ကလေးက လက်တွေကွေ့ကောက်ပြီးတော့ ရုန်းကန်လှုပ်ရှားထားတဲ့ ပုံစံရှိတယ်ပေါ့နော်။ ခန္ဓာကိုယ်ကလည်း တောင့်နေပြီ။ ကျွန်တော်တို့က ဆေးရုံက အကူအညီတောင်းလို့ သွားရောက်သင်္ဂြိုလ်ပေးတာပါ” ဟု ဆိုသည်။

၂၀၁၉ ခုနှစ်က ပြန်လည်ပြင်ဆင်သည့် ဥပဒေတွင် အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်းအမျိုးသမီးများအပေါ် မုဒိမ်းမှုကျူးလွန်သူကို အနည်းဆုံးထောင်ဒဏ် နှစ် ၂၀ မှ ထောင်တစ်သက် ပြစ်ဒဏ်ကျခံရမည်ဟု ပြဌာန်းထားသည်။

ရာဇသတ်ကြီးပုဒ်မ  ၃၀၂ ဖြစ်သော လူသတ်မှုသည် ထောင်ဒဏ် တစ်သက်ကျွန်း၊ ထောင်ဒဏ် ၁၀ နှစ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက မြစ်ကြီးနားမြို့တွင် အသက် လေးနှစ်အရွယ် ကလေးသူငယ်တစ်ဦးကို အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – နာရေးကူညီမှုအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ