ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရဲစခန်းအနီးရှိ ဧရာဦးဆေးဆိုင်အရှေ့တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုပြုလုပ်ခဲ့စဉ် ကားဖြင့်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကာ တင်ပဆုံတွင် ကျည်ဆံနှစ်ချက်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျောက်ရှာပြန်လာတာကားနဲ့ ရွာထဲမှာပစ်ခံရတာ။ အခြေနေက ညာဘက်တင်ပဆုံမှာ ပေါက်ထွက်သွားတယ်။ အစတွေက ဟိုးအဝေးကြီးထိရောက်သွားတယ် ခွဲစိတ်ဖို့တော်တော်ခက်မယ်။ အဲ့နားမှာစောင့်ပြီးမှ ကားကိုရပ်ခိုင်းတာမရပ်လို့တဲ့။ ကားတံခါးပေါက်ထွက်ပြီးတော့ မှန်တွေ ဘရပွတွေ ဖြစ်ကုန်တာပေါ့” ဟုပြောသည်။

သေနတ်ပစ်ခတ်ခံရသူမှာ အသက် ၂၆ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သူကဆက်ပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် ရေမဆေးကျောက်ရှာဖွေနေသူနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ရဲတပ်ရင်း ၃၀ တွင် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ကျေးရွာနေ အမျိုးသားတစ်ဦးကပြောသည်။

“သူတို့က မနေ့တုန်းက ရွာလယ်ကောင်မှာလာပြီး အင်အားအလုံးအရင်းနဲ့ စီးထားပြီးတော့ လာတဲ့လမ်းမှာရပ်ပြီးဖမ်းတဲ့ဟာဖမ်းပြီး အကုန်လျှောက်ရမ်းပြီးတော့ ပစ်နေတာ။ နှစ်ယောက်ဖမ်းခံရတယ်။ ပြန်လည်းမလွတ်ပေးဘူး။ ရေမဆေးကျောက်ရှာတဲ့ သူနှစ်ယောက်ကိုဖမ်းတာလေ” ဟုပြောသည်။

ဆိုင်းတောင်ကျေးရွာနှင့် မရှီကထောင်ရွာကြားရှိ ယူမာကျေးရွာ Jade Land ကုမ္ပဏီအနီးတွင် ယမန်နေ့ည ၉ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ပြီးနောက် ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။

“ယူမာမှာရော ဗုံးပေါက်တယ်။ ဆိုင်းတောင်မှာလည်း စစ်တပ်က ရပ်ခိုင်းတာ မရပ်လို့ ပစ်လိုက်တာ။ သူတို့(စစ်ကောင်စီ)နေတယ်ဆိုတာက Ever မှာပဲနေတာ သူတို့(Ever ကုမ္ပဏီသို့)လာတဲ့ချိန်မှာဖြစ်သွားတာပေါ့။ ဒီအရင်က Jade land ကုမ္ပဏီဘေးမှာဖြစ်သွားတာ” ဟုပြောသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်းသိရသည်။

သတင်း – Nan non

သင့်ထင်မြင်ချက်ရေးပေးပါ