စစ်ကိုင်းတိုင်း၊ အင်းတော်နှင့် ဗန်းမောက်မြို့နယ်အတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့(ပအဖ) များကအခွန်ကောက်ကာ သစ်ခိုးထုတ်နေသည့်အတွက် ဒေသခံများ ကန့်ကွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစပြီး သစ်ထုတ်ရောင်းစားခြင်းနှင့် တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ရောင်းချခြင်းကို အလွန်အကျွံ လုပ်ဆောင်လာကြောင်း အင်းတော်မြို့နယ်တွင် အနှစ် ၂၀ ကျော် နေထိုင်ခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သစ်တွေကို အဓိကထုတ်နေတာ သစ်တောကြိုးဝိုင်းဧရိယာတွေမှာ ထုတ်နေတာ။ အင်းတော်မှာက ကျွန်းသစ်တွေက မရှိသလောက်ပြောင်နေပြီဆိုတော့ အခုကဗန်းမောက်ဘက် သစ်ပေါတဲ့နေရာတွေမှာ ခုတ်နေကြတာ။ ကျွန်းစိုက်ခင်းအရမ်းပေါတဲ့ နေရာတွေမှာ ရွေးထုတ်နေကြပါတယ်” ဟုပြောသည်။

လက်ရှိ သစ်ထုတ်နေသည့် နေရာများမှာ အင်းတော်မြို့နယ် အရှေ့ဘက်ခြမ်း၊ အင်းတော် – ဗန်းမောက်မြို့နယ်အစပ်၊ ဗန်းမောက်မြို့နယ် မြောက်ပိုင်းရှိ မံပင်၊ မံကပ်၊ မဲတော၊ ပန်းတော၊ နောင်မှီ၊ ကလပ်စသည့်ကျေးရွာများအနီးနှင့် တောင်ဘက်ပိုင်းရှိ စီးမှော်၊ သောင်ကြီးကျေးရွာများအနီး သစ်တောကြိုးဝိုင်းဧရိယာများတွင် အဓိကထုတ်လုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါနေရာတွင် လုပ်ဆောင်ခွင့်ရရန် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပအဖ) များကို အခွန်ဆောင်ပေးဆောင်ကာ သစ်ထုတ်ယူနေခြင်းဖြစ်ကြောင်း အသက် ၅၀ ကျော်အရွယ် ဗန်းမောက်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သစ်ထုတ်တဲ့အခါ အဲ့မှာရှိတဲ့ နယ်မြေခံ ပကဖ၊ ပအဖ တွေကို အခွန်ပေးရတယ်။ ပြီးတော့ သစ်သယ်တဲ့ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့  ပကဖ၊ ပအဖ ဂိတ်တွေကိုလည်း ပေးရတယ်။ လာလုပ်တဲ့ တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်က နှစ်ဦး၊ သုံးဦးလောက်ရှိတယ်” ဟုပြောသည်။

သစ်ထုတ်နေသည့် အခြေခံလုပ်သားများမှာ အင်းတော်နှင့် ဗန်းမောက်မြို့နယ်မှ ဒေသခံများဖြစ်ပြီး လုပ်ငန်းရှင်များက ၎င်းတို့ကို သစ်တစ်လုံးလှဲခ ငွေကျပ် သုံးသောင်းနှင့် လေးသောင်းထိ၊ နေ့စားခအတွက် တစ်ရက်လျှင် နှစ်သောင်းနှုန်းဖြင့် အခကြေးငွေပေးပြီး ငှားရမ်းနေကြောင်းသူကပြောသည်။

သစ်ကားများမှာ အင်းတော်နှင့် ဗန်းမောက်မြို့နယ်မှ တစ်ဆင့် ကသာမြို့နယ်၊ ကသာမြို့နယ်မှတစ်ဆင့် ကချင်ပြည်နယ်တွင်း အဆင့်ဆင့်ဖြတ်သန်းကာ တရုတ်ပြည်နယ်စပ်ဂိတ်ထိ သယ်ယူတင်ပို့ခြင်းဖြစ်ကြောင်းနှင့် ယင်းသစ်ကားများဖြတ်သန်းသည့် ဗန်းမောက်၊ အင်းတော်နှင့် ကသာမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင်  သစ်တစ်တန်လျှင် အနည်းဆုံးငွေကျပ်ငါးသောင်းနှုန်းဖြင့် မြို့နယ်တာဝန်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အခွန်ကောက်ခံကြောင်း သိရသည်။

အဆိုပါသစ်ထုတ်လုပ်ခြင်းမှ ရရှိသည့်အခွန်ငွေများကို ကာကွယ်ရေး၊ ဒေသတွင်းအုပ်ချုပ်ရေးနှင့် သယံဇာတဝန်ကြီးဌာနတို့တွင် ခွဲဝေအသုံးပြုရန် စီမံခန့်ခွဲထားကြောင်း အင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၏ တာဝန်ခံကပြောသည်။

“အုပ်ချုပ်ရေးကျတော့ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးနဲ့ ဆက်သွယ်ရေးပါတယ်။ ကာကွယ်ရေးကျတော့ PDF နဲ့ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့)။ အင်းတော်မြို့နယ်ထဲမှာ ရှိတဲ့ကာကွယ်ရေးတပ်တွေ အကုန်လုံးကို ပို့ပေးရတယ်။ အင်းတော်တစ်မြို့နယ်လုံးက ရင်းငါးရင်း (PDF တပ်ရင်းငါးခု)ကို ရိက္ခာပေးရတယ်။ အဲ့ကရတဲ့ အခွန်အခငွေနဲ့ လုံးဝမပြည့်နိုင်ဘူး”ဟုပြောသည်။

 

သစ်တန် ၁၅ တန် သယ်ဆောင်သည့် ၁၂ ဘီးကားခြောက်စီးမှာ ၂ ရက် (သို့) ၃ ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် အင်းတော် – ဗန်းမောက်လမ်းပိုင်းတွင်ဖြတ်သန်းလေ့ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ( PDF ) တစ်ဦးက ပြောသည်။

“၁၂ ဘီးတွဲကားလို ဟာတွေနဲ့သယ်တာ။ အပြစ်အနာအဆာမရှိတဲ့ ဟာတွေပဲ ရွေးသယ်တာ။ ဒီကိစ္စဟာနယ်မြေခံ ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)၊ ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)တွေအနေနဲ့ ထိန်းချုပ်ရမယ့်ဟာတွေပါ။ ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်စေလိုပါတယ်။ ဒေသခံတွေအတွက် သူတို့စားဝတ်နေရေးအတွက် အနည်းအကျဉ်းတော့ ခွင့်ပြုပေးရမှာပေါ့။ ဒါပေမဲ့ တခြားနိုင်ငံကနေ သစ်တွေထောင်ချီ Export အနေနဲ့ လာခုတ်နေတာတွေကတော့ လုံးဝမဖြစ်သင့်ဘူး မြင်ပါတယ်” ဟုပြောသည်။

သစ်ထုတ်လုပ်ခြင်းမှ ရရှိသည့် အခွန်အခငွေများကို ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးပြုစေလိုကြောင်းနှင့် သစ်ထုတ်လုပ်ခြင်းသည် နောက်ဆက်တွဲဆိုးကျိုးဖြစ်သည့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းကို ဖြစ်ပေါ်စေသည့်အတွက် ရပ်တန့်ပေးစေလိုကြောင်း သူကဆက်ပြောသည်။

“သူတို့ကောက်နေတာ ဘာပြေစာမှမရှိ။ ဘယ်မှာဘယ်လောက်သုံးတယ်ဆိုတာ စာရင်းအတိအကျက မရှိ။ သူတို့ပြောတာ ပညာရေး၊ ကျန်းမာရေးအတွက်သုံးတယ်တဲ့။ ကျွန်တော်တို့မေးကြည့်တာတော့ ပညာရေးဘက်မှာဆို ရပ်ရွာက ကိုယ်ထူကိုယ်ထလုပ်နေတာ။ ကျန်းမာရေးအတွက်လည်း ဒေါက်တာက ကိုယ့်ဟာကိုယ်ရှာနေတာ။ အဓိကက ကျွန်တော်တို့ သစ်တွေပြောင်နေပြီ။ ထိန်းသိမ်းဖို့၊ ထပ်မထုတ်ဖို့ တားချင်တာပါ” ဟုပြောသည်။

အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကမူ အလွန်အကျွံ သစ်ထုတ်လုပ်နေခြင်းကို ဒေသတွင်းတာဝန်ရှိသူများအနေနှင့် အမြန်ဆုံး ဖြေရှင်းပေးရန် လိုလားကြောင်းဆိုသည်။

“တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးသိရှိပြီး တားဆီးပေးရမယ့် ကိစ္စတစ်ခုလို့မြင်တယ်။ ထိန်းသိမ်းရမယ့် သစ်တောတွေကို ဆက်လက်ထိန်းသိမ်းပြီး ထုတ်လုပ်ခွင့်ပြုမယ်ဆိုလည်း စနစ်တကျနဲ့ ကြပ်မတ်ပြီး ထုတ်လုပ်စေချင်ပါတယ်” ဟုပြောသည်။

သစ်ထုတ်ရောင်းစားခြင်းကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) တာဝန်ရှိသူများထံ တင်ပြသွားမည်ဖြစ်ကြောင်း ကသာခရိုင်၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၏ တာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ကတော့ အသေးစိတ်အချက်အလက်ကို စုံစမ်းမယ်။ ပြီးတော့မြို့နယ်တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ဆွေးနွေးမယ်။ ပြီးတော့ရရှိတဲ့အချက်အလက်ကိုအခြေခံပြီး NUG အစိုးရကိုတင်ပြပေးတဲ့ အဆင့်အထိပဲ လုပ်နိုင်အုံးမှာဗျ” ဟုပြောသည်။

ယင်းမြို့နယ်များအတွင်း သစ်ထုတ်လုပ်ခြင်းနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို The 74 Media က ဆက်သွယ် မေးမြန်းနိုင်ရန် ကြိုးစားနေသည်။

အင်းတော်နှင့်ဗန်းမောက်မြို့နယ်များကဲ့သို့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်နှင့် ကောလင်းမြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရယူပြီး သစ်ထုတ်လုပ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – အင်းတော်မြို့နယ်အတွင်း တွေ့ရသော သစ်ကားများကိုတွေ့ရစဉ်။ (CJ)

သင့်ထင်မြင်ချက်ရေးပေးပါ