ပုလဲမြို့နယ်ရှိ ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးလိုက်သဖြင့် တော်လှန်ရေးဆက်လက်လုပ်ဆောင်နိုင်ရန် အကူအညီများလိုအပ်နေကြောင်း သိရသည်။

ကျပ်သိန်းတစ်ရာခန့်တန်ဖိုးရှိသည့် ဆိုင်ကယ်လေးစီး၊ မိုင်းကိုးလုံးနှင့် ဖောက်ခွဲရေးပစ္စည်းများ၊ ယူနီဖောင်းများကို စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု Guerilla Rangerမှ တပ်ရေးဗိုလ်ကိုမောင်(ခ) ကဗျာဆရာနှင်းရိပ်နွေက The 74 Media ကိုပြောသည်။

“လတ်တလော ရဲဘော်တွေအတွက် တပ်ရင်းကငါးသိန်းထောက်ပံ့တာကလွဲလို့ တခြားအကူအညီမရသေးပါ။ ဖောက်ခွဲရေးပစ္စည်းတွေ၊ ထုတ်လုပ်ရေးပစ္စည်းတွေနဲ့ စခန်းပြန်လည်တည်ဆောက်ဖို့ ပြည်သူတွေရဲ့ အကူအညီတွေ အများကြီးလိုအပ်နေပါတယ်” ဟုပြောသည်။

အင်မထီးကျေးရွာ ဒေသအခေါ် ပျူကျေးရွာမှထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းက အဆိုပါစခန်းအပြင် ကိုင်းတွင်းကျေးရွာမှ နေအိမ်သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“အိမ်တွေနဲ့အတူ ကျနော်တို့တပ်ခွဲစခန်းကို ဝင်ရောက်မီးရှိူ့ဖျက်ဆီးခဲ့ပါတယ်။ ခုလိုဆုတ်ခွာရတာဟာ လက်နက်အင်အားမမျှလို့ မခုခံနိုင်ဘဲ စခန်းကိုစွန့်ခွာပြေးခဲ့ရပါတယ်။ ရဲဘော်တွေ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ပစ်ဆုတ်ဆုတ်နိုင်ခဲ့ပါတယ်” ဟုပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့အတွက် ကူညီလှူဒါန်းလိုပါက Guerilla Ranger ဖေ့စ်ဘုတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အိမ်ထောင်စု သုံးသောင်းကျော် လူဦးရေ တစ်သိန်းခွဲခန့် နေထိုင်သည်။

သတင်း –  Pu Noi Tsawm

သင့်ထင်မြင်ချက်ရေးပေးပါ