စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် ယနေ့နံနက် ၈ နာရီခွဲခန့်က ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယန်ကျေးရွာအနီးတွင် ဒေသခံ PDF များရှိသည်ဟု ယူဆသဖြင့် စစ်ကောင်စီတပ်က ရပ်သမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ထိသွားတာ ဗိုက်မှာရောထိသွားတယ်။ တိုက်ပွဲမဖြစ်ဘူး စစ်တပ်က ရမ်းသမ်းမှန်းတမ်းလျှောက်ပစ်တာ။ PDF တွေ မဒဲယာန်ဘက်ကို လျှောက်သွားနေတော့ သူတို့က ပစ်ပေးလိုက်တာပေါ့။ အဲ့စစ်တပ်က အကျင့်ကို မကောင်းဘူး” ဟုပြောသည်။

အဆိုပါပစ်ခတ်မှုတွင် ဒေသခံပြည်သူများ၏ နေအိမ်နှစ်လုံးလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီတပ်က မဇွတ်ယန်ကျေးရွာရှိ အကျဉ်းထောင်မှ လက်နက်ကြီးဖြင့် အချက် ၂၀ခန့်ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“အခုနားသွားတာ နာရီဝက်လေးတင်ပဲရှိသေး။ လက်နက်ငယ်တွေရော လက်နက်ကြီးတွေရောပစ်တာ။ တော်တော်လေးကြာအောင်ပစ်တာ။ မှော်ပုံဘက်ကတော့ မနက်ပိုင်း လက်နက်ကြီး တော်တော်ကျတယ်ဆိုတော့ အခြေနေကမသိရသေးဘူး” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက် ၂၄ နှစ်အရွယ်ခန့်အရွယ်ရှိ ဒေါ်ဂျာအန်ဆိုသူဖြစ်ပြီး အခြေနေစိုးရိမ်ရသဖြင့် ဖားကန့်ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာတွင် စစ်ကောင်စီက လက်နက်က်ြီး ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – Nan non

သင့်ထင်မြင်ချက်ရေးပေးပါ