ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် ကလေးများအပါအဝင် ဒေသခံများ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလျက်ရှိပြီး ခုနှစ်လသားအရွယ် ကလေးသူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် ဗူးပြား‌ကျေးရွာနှင့် လန်းကောကျေးရွာတွင် ယခုလဆန်းပိုင်းမှစပြီး ဝမ်းပျက်ဝမ်းလျောကူးစက်ရောဂါဖြစ်ပွားနေပြီး ယခုလ ၁၄ ရက်နေ့က ဗူးပြးကျေးရွာက ခုနှစ်လအရွယ်ကလေးငယ် မိန်းကလေးတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု Mobye Rescue Team ၏ တာဝန်ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။

“တဆင့်ပြီး တဆင့်ကူးသွားကြတာပေါ့။ ခုက လူကြီးရော ကလေးရောဖြစ်တာ။ တချို့က ဝမ်းကိုက်တာ။ တချို့က ဝမ်းလျောဝမ်းပျက်တာ။ ကလေးတွေရောရှိတယ်။ ဝမ်းသွားရင်တောင် အဖြူတွေပဲ သွားနေကြတာ။ အဓိကကတော့ ဝမ်းသွားတဲ့အခါ အိမ်သာမှာကောင်းကောင်းမသွားဘဲ ပတ်သွားလို့ ခုလို ဘက်တီးရီးယားတွေကနေတဆင့် ကူးစက်တော့ ဝမ်းပျက်ဝမ်းလျောတွေများသွားတာပေါ့။ အိမ်သာတက်ပြီးရင် လက်ဆေးတာတို့မလုပ်တဲ့ဟာတွေလည်း အများကြီးပါမှာပေါ့နော်” ဟု ပြောသည်။

ဗူးပြားကျေးရွာတွင် ကလေးသူငယ် ၂၀ ဦး၊ လူကြီး ၅ ဦးနှင့် လန်းကောကျေးရွာတွင် ကလေးသူငယ် ၁၀ ဦး ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနေခြင်းဖြစ်ပြီး ရောဂါထိန်းချုပ်နိုင်ရန် ဆေးဝါးအကူအညီအများအပြားလိုအပ်နေသည်ဟု သူက ဆက်ပြောသည်။

“ပေါလိစ်အက်ဆစ်တို့ ဇင့်တို့ အများကြီးလိုအပ်တာပေါ့နော်။ ဓါတ်ဆားကလည်း ဝယ်ရခက်နေပြီ ခုစုဆောင်းမယ်ဆိုရင်တောင် တစ်ရွာစာတောင်မရဘူး။ ဆေးတွေတအားလိုအပ်နေတယ်ပေါ့နော်။ ခုတစ်ရွာနှစ်ရွာပဲရှိသေးတာတောင်မှ ကာကွယ်ဆေးမထိုးသေးတဲ့ဟာရော။ တချို့တွေကရေရှားတာတွေဖြစ်တော့ ဝမ်းပျက်ဝမ်းလျောတွေစနေပြီ ဒီနှစ်က စောတယ်လို့ပြောလို့ရတယ် ကျွန်မအမြင်‌ပေါ့နော်” ဟု ဆိုသည်။

ဗူးပြားကျေးရွာနှင့် လန်းကောကျေးရွာသို့ သွားရောက်ရန် ဖယ်ခုံမြို့မှ မော်တော်ကားဖြင့် လေးနာရီခန့်ကြာ ခရီးမောင်းနင်ရသော ခရီးဖြစ်ပြီး လမ်းခရီးကြမ်းတမ်းမှုကြောင့် ဆေးဝါးသယ်ဆောင်ရန် အခက်အခဲကြုံတွေ့နေကြောင်းလည်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဖယ်ခုံမြို့နယ်တွင် ကျေးရွာအုပ်စု စုစုပေါင်း ၁၂ ခုရှိပြီး အိမ်ထောင်စုအရေအတွက် နှစ်ထောင်ခန့်နှင့် လူဦးရေစုစုပေါင်း တစ်သိန်းခန့်နေထိုင်သည်။

ဝမ်းပျက်ဝမ်းလျောခြင်း ဖြစ်ပွားစေသည့် အကြောင်းအရင်းမှာ မသန့်ရှင်းသည့် အစားအစာနှင့် ရေကို သောက်သုံးမိခြင်းကြောင့် ကပ်ပါးကောင်များခန္ဓာကိုယ်အတွင်းဝင်ရောက်ခြင်းကြောင့်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားများကို ဆုံးရှုံးစေသဖြင့် အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်နိုင်သည်။

ဝမ်းပျက်ဝမ်းလျောရောဂါကို မိုးရာသီကာလဖြစ်သည့် မေလ သို့မဟုတ် ဇွန်လ မှ အောက်တိုဘာလအထိ အဖြစ်များကြောင်း ဆရာဝန်များထံမှ သိရသည်။

လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောခြင်း၊ သောက်သုံးရေကို ကျိုချက်သောက်သုံးခြင်း၊ ရေတွင်းများတွင် ကလိုရင်းခပ်ခြင်း၊ အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများကို သေချာစွာစွန့်ပစ်ခြင်း၊ ယင်လုံအိမ်သာအသုံးပြုခြင်း၊ မွေးကင်းစနှင့် ခြောက်လအောက်ကလေးငယ်များကို မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း စသည်ဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါကို ကြိုတင်ကာကွယ်နိုင်သည်။

သတင်း – Ma Di

ဓါတ်ပုံ – Mobye Rescue Team

သင့်ထင်မြင်ချက်ရေးပေးပါ