စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတွင် အထိုင်ချသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ဒေသခံအမျိုးသား ၁၇ ဦးကို သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ( ၃၆၃ ) တပ်နှင့်  ပျူစောထီးပူးပေါင်းစစ်ကြောင်းမှာ ကောလင်းမြို့နယ် ကသစ်ကုန်းကျေးရွာနှင့် ကျခတ်အိုက်ကျေးရွာမှ ဖမ်းခေါ်လာသည့် ဒေသခံပြည်သူ ၁၇ ဦးကိုသတ်ဖြတ်ခဲ့ကြောင်း ကိုးတောင်ဘို့ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် အမျိုးသမီးတစ်ဦးက  The 74 Media ပြောသည်။

“သူတို့ကို တစ်နေကုန် စစ်ဆေးမေးမြန်းတယ်။ ဓားနဲ့ မွှမ်းတယ်ပေါ့နော်။ နှိပ်စက်ခံရလွန်းလို့ပဲ သေသွားသလားမသိဘူး။ သေနတ်သံတော့မကြားရဘူး။ ဓားနဲ့ထိုးသတ်တယ်လို့ အတွင်းသတင်းရထားတာလေ။ ၁၉ ရက်နေ့ ညနေငါးနာရီ ဆယ့်ငါးမိနစ်လောက်မှာ မီးသင်္ဂြိုဟ်နေတာ။ မီးခိုးတွေလည်း မဲလို့၊ လုံးလို့တက်နေတာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ္စည်းများသယ်ဆောင်ရန် ဖမ်းခေါ်လာသည့် အရပ်သား ၁၉ ဦးအနက် ၂ဦးမှာထွက်ပြေးလွတ်မြောက်လာခဲ့ပြီး  ကျန် ၁၇ ဦးမှာ သတ်ဖြတ်လိုက်ရကြောင်း ကိုးတောင်ဘို့ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“ရွာသားတွေကို ဖမ်းခေါ်သွားပြီး အထမ်းတွေ ဘာတွေ သယ်ခိုင်းတယ်။ အဲ့ထဲက နှစ်ယောက်က အိမ်သာသွားမယ်ပြောပြီး ထွက်ပြေးလာတာ။ ဖမ်းခံရတဲ့အထဲက ဦးကျော်တင့်ဆိုတဲ့သူကို အဲ့နေ့ (ဖေဖော်ဝါရီ ၁၈ရက်)ညက မေးမြန်းရင်းလည်ပင်းတွေလည်း နင်းတယ်လို့ပြောတယ်။ အစာရေစာတွေလည်း မကျွေးဘဲ အငတ်ထားတယ်။ ရေတောင်မတိုက်ဘူးတဲ့။ လည်ပင်းနင်းတဲ့အခါ လက်လွန်သွားပြီး အသက်ထွက်သွားတယ်တဲ့။ ကျန်တဲ့သူတွေကို နောက်နေ့မနက်မှာ သတ်ပစ်လိုက်တာလို့ သိရတယ် ” ဟုပြောသည်။

သတ်ဖြတ်ခံရသော ဒေသခံများမှာ ဦးကျော်တင့်၊ ကိုအောင်ဇော်ဦး၊ ကိုအောင်သက်နိုင်၊ ကိုရန်အောင်၊ ကိုတာတီး၊ ကိုထွန်းဌေး၊ ကိုချဲဘို၊ ကိုဖိုးမဲ၊ ကိုမျိုးထက်ဦး၊ ကိုထက်နိုင်၊ ကိုနန်းကိုဦး၊ ကိုမောင်ခိုင်၊ ကိုဇင်ကိုမင်း၊ ကိုဝင်းဇော်၊ ကိုအောင်မျိုး (လှည်းပွဲကျေးရွာ)၊ ကိုစိုးတင့် (ကျခတ်အိုက်ကျေးရွာ)၊ ကိုစိုးမြင့်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကောလင်းမြို့နယ်အရှေ့ပိုင်းသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ရက်နေ့က တောင်ပလူကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုနေ့ညပိုင်းတွင် ကသစ်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားများကို ကသစ်ကုန်းကျေးရွာနှင့် ငါးမိုင်ခန့်အကွာ ကိုးတောင်ဘို့ကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

အရပ်သားပြည်သူများကို သတ်ဖြတ်ခဲ့သည့် အဆိုပါစစ်ကောင်စီ ခြေလျင်တပ်ရင်း ခမရ (၃၆၃) တပ်မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှု ဌာနချုပ် အမှတ် (၁၀)လက်အောက်ရှိ တပ်ရင်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလဆန်းပိုင်းမှစပြီး ကိုးတောင်ဘို့ကျေးရွာတွင် စတင်အထိုင်ချခြင်းဖြစ်သည်။

၂၀၁၇ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာအုပ်စု ၈၆ စုရှိပြီး လူဦးရေ တစ်သိန်းခြောက်သောင်းကျော် နေထိုင်သည်။

သတင်း – Yu San

ဓါတ်ပုံ –  Credit (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ