စစ်ကောင်စီစစ်ကြောင်းက သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

အင်အား ၁၂၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီ ၂၂ ရက်က အထက်ငါးနန်းကျေးရွာအတွင်းသို့ သေနတ်ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာချိန် ထွက်ပြေးရန်ပြင်ဆင်နေသည့် အမျိုးသမီးတစ်ဦး ရင်ဘက်တွင် ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ကိုအညာသားက The 74 Media ကိုပြောသည်။

“မိသားစုလေးယောက်ထွက်ပြေးနေတုန်း လှမ်းပစ်တဲ့သဘောပေါ့။ ဘယ်ဘက်ရင်ညွှန့်ကို သေနတ်မှန်တာ နောက်ကျောကို ပေါက်ထွက်သွားတာပါ့။ နေရာမှာတင်ဆုံးသွားတာပဲ ဆရာဝန်တွေကိုသွားပြတာ အသက်မှမရှိတော့ ဘာမှလုပ်လို့မရတော့ဘူး” ဟုသူကပြောသည်။

စစ်ကြောင်းဝင်ရောက်ခဲ့ချိန်က အဆိုပါကျေးရွာမှ အိမ်ထောင်စု ၁၈၅ စု၊ လူဦးရေ ၁၀၀၀ ခန့်မှာ ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး သေဆုံးသူ၏ရုပ်အလောင်းကို ပြန်လည်ရရှိခဲ့ပြီး ယမန်နေ့က သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီစစ်ကြောင်းက ရမ်းသမ်းပစ်ခတ်သည့် ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မဟူတောင်ဒေါင်းနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“စစ်ကြောင်းဝင်တဲ့အချိန်ထွက်ပြေးဖို့ လှည်းကော့နေရင်းနဲ့မှ ကျည်ဆံက ကျောကနေပေါက်ထွက်သွားတာ။ ပွဲချင်းသေသွားတယ်။ အလောင်းကပြန်ရလား၊ မရလားတော့ အတိအကျမသိဘူး” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဒေါ်တင်မာခိုင်ဆိုသူဖြစ်ပြီး သားသုံးဦး၏မိခင်ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ယင်းမာပင်မြို့နယ် ကျောက်ကုန်းရွာတွင် ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်ဆိုသူတစ်ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သတင်း –  Pu Noi Tsawm

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ