စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲက စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည့် ကာကွယ်ရေးရဲဘော်နှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်လာချိန် ဖမ်းဆီးခံခဲ့ရပြီးနောက် တာဝကျေးရွာ စာသင်ကျောင်းရှိ အမှိုက်ပုံတွင် သတ်ဖြတ် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ရိုးမဖိုက်တာတပ်ဖွဲ့မှ တပ်ရင်းမှူးက The 74 Mediaကို ပြောသည်။

“ရဲဘော်တွေကို လယ်ကွင်းတွေမှာ ခြေထောက်တွေ ရိုက်ချိုးထားတာတွေ့ရတယ်။ သွေးတန်းလန်းနဲ့ သူတို့ကိုဆွဲခေါ်သွားပြီး ရွာရဲ့ စာသင်ကျောင်း အမှိုက်ပုံနားမှာ သတ်ခဲ့တာပေါ့။ မီးတင်ရှို့ထားတာတွေ့ရတယ်။ မိတာက ရွာပြင်မှာမိတာပါ” ဟုပြောသည်။

ပုလဲမြို့နယ်မှ ဝင်လာသောစစ်ကောင်စီစစ်ကြောင်းကို မိုင်းကွင်းဆင်ရန် ဘက်ထရီမေ့ကျန်ခဲ့သဖြင့် စခန်းသို့သွား ယူရာချိန် စခန်းကို ဝင်ရောက်စီးနင်းထားသည့် စစ်ကောင်းစီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၃ ရက် နေ့လည် ၂ နာရီခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“တဲမှာဘတ်ထရီအိုးကျန်လို့သွားယူတဲ့အခါ စခန်းကိုစကစတွေက ရောက်နှင့်တာပေါ့။ အဲ့မှာဖမ်းဆီးခေါ်ဆောင်သွားကြတာ။ တစ်ယောက်က ဝတ်စုံအပြည့်ဝတ်ထားတယ်။ တစ်ယောက်က PDF ဦးထုတ်ပါတယ်။ လာတာလည်းစခန်းဘက်မှာဆိုတော့ PDF ဆိုတာလည်း တန်းသိမှာပဲလေ” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းက တာဝေကျေးရွာမှ နေအိမ် ၂၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ထောက်ပို့နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့၏ နေအိမ်များလည်းပါဝင်ခဲ့ကြောင်း ကိုအညာသားကသည်။

“စစ်ကြောင်းထွက်သွားပြီး နာရီဝက်လောက်အကြာမှာ ရွာကိုကျွန်တော်တို့တွေ မီးဝင်သတ်ကြတာလေ။ နယ်မြေ ခံတွေက မဝင်သေးဘူး။ မီးပြန်ငြိမ်းနိုင်ခဲ့တယ်” ဟုပြောသည်။

အသတ်ခံရသည့် ရဲဘော်နှစ်ဦးသည် ရိုးမဖိုက်တာတပ်ဖွဲ့မှ အသက် ၁၈ နှစ်ခန့်အရွယ်ရှိ ရဲဘော်ချစ်ကောင်းစံနှင့် အသက် ၂၀ နှစ်ခန့်အရွယ်ရှိ ရဲဘော် အောင်ဇေယျ(ခ) မီးပွှားဆိုသူတို့ဖြစ်ကြောင်းသိရသည်။

ယင်းမာပင်မြို့နယ် အထက်ငါးနန်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၂ ကလည်း စစ်ကောင်စီစစ်ကြောင်းက သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

သတင်း –  Pu Noi Tsawm

photo – CJ

သင့်ထင်မြင်ချက်ရေးပေးပါ