ကေအန်ယူတပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီပူးပေါင်းတပ်စခန်းတစ်ခုကို ယနေ့နံနက် ၅ နာရီခန့်က မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)က ယနေ့နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် BGF တပ်တို့၏ ပူးပေါင်းတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့သည်ဟု Force For Federal Democracy (FFD) အဖွဲ့က တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲဖြစ်စဉ်ကတော့ လက်ရှိမှာ သီးခြားထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ BGFနဲ့ စစ်ကောင်စီတပ်တွေ အတူတူရှိနေတဲ့ တပ်မဟာ ၅ ထဲက ကင်းစခန်းတစ်ခုလို့ သိရပါတယ်ခင်ဗျ” ဟုပြောသည်။

မိနစ်အနည်းငယ်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က စခန်းကို စွန့်ခွာထွက်ပြေးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး၏ ရုပ်အလောင်းတစ်လောင်း၊ လက်နက်နှစ်လက်နှင့် ဆက်စပ်ပစ္စည်းများသိမ်းပိုက်ရရှိခဲ့ကြောင်း BPLA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သွားရောက်တိုက်ခိုက်ရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် Force For Federal Democracy (FFD)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့သည့် မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

သတင်း – Nan non

ဓါတ်ပုံ- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)

သင့်ထင်မြင်ချက်ရေးပေးပါ