မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့ နေ့လယ် တစ်နာရီက လူနေထိုင်ခြင်းမရှိသည့် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောင်ချမ်းသာဘုရားဝင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး လူနေထိုင်ခြင်းမရှိသည့် ဗီဒီယိုရုံဟောင်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု လူမှုကူညီရေးအသင်းတစ်သင်း၏ တာဝန်ရှိသူတစ်ဦးက The 74 media ကိုပြောသည်။

“သိရသလောက်တော့ အဲ့နေရာမှာက လူလည်းမနေဘူး။ ဒီတိုင်းအိမ်လုံးကြီးတွေပဲ ဟုတ်တယ်။ လောင်တဲ့နှစ်လုံးလုံးက လူမနေတဲ့ အိမ်လုံးချည်းပဲ” ဟုပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သူကဆက်ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ပျဉ်ထောင်ကာ၊ ထရံကပ်အိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ယနေ့ နေ့လယ်နှစ်နာရီတွင် မီးညွှန့်ကျိုးသွားခဲ့ကြောင်း အောင်နန်းရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။

“မီးသတ်ကားသံတွေကြားတယ်။ အောင်နန်းရပ်ကွက်ရုံးနားမှာ လောင်တာ။ ဘာကြောင့်လောင်တယ်လို့ မသိရပါဘူး” ဟု‌ပြောသည်။

မီးလောင်ရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ရက်နေ့ မြစ်ကြီးနားမြို့ ၊ ရန်ကြီးအောင်ရပ်ကွက်၊ မြို့ဦးဘုန်းကြီးကျောင်းရှေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်ရှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ