မြေမြုပ်မိုင်းများနင်းမိသဖြင့် ယမန်နေ့က ကန့်ဘလူမြို့နယ်တောင်ပိုင်းတွင် အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ကျေးရွာ အဝင်အထွက်လမ်းနှင့် ကျေးရွာပတ်ပတ်လည်တွင် ထောင်ထားသည့် မိုင်းများနင်းမိသောကြောင့် ညောင်ဇင်ရွာဒေသခံလေးဦး၊ ဆိုင်ကယ်ဖြင့် စျေးလာရောင်းသည့် ဇနီးမောင်နှံနှစ်ဦးနှင့် သင်ပေါင်းကျင်းကျေးရွာမှ ယောကျ်ားလေးသုံးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ကန့်ဘလူဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“စျေးသည်လင်မယားက မနက်အစော ရွာအဝင်လမ်းနားမှာလို့ သိရတယ်။ ကျန်လေးယောက်က နေရာတွေကွဲကြတယ်။ ဖြစ်တာက ရွာနဲ့နီးနီးလေးတွေမှာ။ ကလေးသုံးယောက်မှာ နှစ်ယောက်က တစ်နေရာ နောက်တစ်ယောက်က တစ်နေရာလို့ သိရတယ်” ဟုပြောသည်။

အဆိုပါညောင်ဇင်ကျေးရွာသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့များ အထိုင်ချထားသည့် ကျေးရွာဖြစ်ပြီး အရပ်သားပြည်သူများ သွားလာနေထိုင်သည့် နေရာများတွင် မိုင်းထောင်ခြင်းကို မည်သည့်အဖွဲ့က ပြုလုပ်သည်ကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း Infinity Group ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ရွာခံတွေကတော့ ပျူ (ပျူစောထီး)တွေ ထောင်တယ်လို့ပြောကြတာပဲ။ ကျန်တဲ့အသေးစိတ်ကိုတော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေပါတယ်” ဟုပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် သင်ပေါင်းကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ဖြိုးဝေအောင်ဆိုသူသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများမှာ ညောင်ဇင်ကျေးရွာနေ ဦးကျော်မြိုင်၊ ဦးဖိုးပိန်၊ ဦးလွမ်းချိုနှင့် ဦးကျော်ခင်၊ သင်ပေါင်းကျင်းကျေးရွာနေ မောင်ပိုင်ပိုင်စိုးနှင့် မောင်တုတ်ပေါတို့ဖြစ်ပြီး ဈေးလာရောင်းသည့် ကာဘိုးကျေးရွာမှ ဈေးသည် ဇနီးမောင်နှံနှစ်ဦး၏ အမည်ကိုမူ မသိရှိရသေးပါ။

ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သားပြည်သူများကို ကန့်ဘလူမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ၎င်းတို့အနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

၂၀၁၇ သန်ခေါင်စာရင်းအရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာအုပ်စု ၈၆ စုရှိပြီး လူဦးရေ တစ်သိန်းခြောက်သောင်းကျော် နေထိုင်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း မိုင်းပေါက်ကွဲခဲ့ရာ ညောင်ဇင်ကျေးရွာဒေသခံတစ်ဦးနှင့် နွားနှစ်ကောင်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်

သတင်း – Yu San

ဓါတ်ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ