မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်တွင် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က တုန်ဟုန်းကားတစ်စီး ခိုးယူခံခဲ့ရကြောင်းသိရသည်။

ခေမာသီဝံ ဘုန်းကြီးကျောင်းရှေ့တွင် ရပ်ထားသော တုန်ဟုန်းကားကို မောင်းယူသွားခြင်းဖြစ်သည်ဟု ပိုင်ရှင်အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“လမ်းကြားထဲက ပြောင်းဖူးပေါက်ပေါက်ဖောက်တဲ့ အန်တီတို့ အိမ်မှာဝင်ပြီး ပိုက်ဆံဝင်ယူနေတာ။ လင်မယားနှစ်ယောက်ဆိုတော့ ခဏလေးပဲဝင်လိုက်တာ ဘယ်ကမှန်းမသိတဲ့ တစ်ယောက်က ခေမာသီရိဈေးဘက်ကိုမောင်းပြီးပြေးသွားတာ။ ကားကလည်းအဲ့ဘက်ကို ဦးတည်ထားတာဆိုတော့” ဟုပြောသည်။

မိသားစုစားဝတ်နေရေးအတွက် အသုံးပြုနေသော ကားဖြစ်သောကြောင့် ပြန်လည်တွေ့ရှိပါက ကျေးဇူးဆပ်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

“ဒီကားကိုပဲအားကိုးပြီးမှ မောင်လေးရဲ့ပညာရေးရော အသက်ကြီးတဲ့ အဖေ၊ အမေကအစ ဒီဟာနဲ့ပဲ လုပ်ကျွေးနေရတာလေ။ တကယ်လို့တွေ့လို့ရှိရင်လည်း အစ်မတို့က ထိုက်ထိုက်တန်တန်ကျေးဇူးပြန်ဆပ်ပါ့မယ်။ ဒီဟာမရှိတော့ရင်လည်းအမတို့ရဲ့ စားဝတ်နေရေးက ပြန်ခက်ခဲသွားမှာလေ။ တောထဲမှာ တောခုတ်ပြီးမှရလာတဲ့ ပိုက်ဆံလေးနဲ့ ဝိုင်းပြီးမှဝယ်ထားလိုက်တာလေ” ဟုပြောသည်။

ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး အမှတ်(၂) ရဲစခန်းတွင် တိုင်ကြားထားကြောင်းနှင့် ကားနံပါတ် 5G – 2032 ကိုပြန်လည်တွေ့ရှိပါက ဖုန်း ၀၉၂၅၉၆၆၂၀၃၂ သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းသိရသည်။

မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်တွင် မိန်းကလေးသုံးဦးငှားနေသော အိမ်ခန်းအတွင်းမှ ဖုန်း၊ ငွေသားနှင့် ဆိုင်ကယ်တစ်စီးလည်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က ခိုးယူခံခဲ့ရကြောင်းသိရသည်။

သတင်း – Nan non

သင့်ထင်မြင်ချက်ရေးပေးပါ