ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ မာကျားကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ယမန်နေ့ မွန်းလွှဲ သုံးနာရီခန့်က မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မာကျားကျေးရွာအနီး တော‌တွင်းတစ်နေရာတွင် ဟင်းသီးဟင်းရွက်ရှာဖွေနေစဉ် မိုင်းပေါက်ကွဲခဲ့ပြီး ဝမ်းဗိုက်နှင့် ခြေတလုံးတွင် မိုင်းစထိမှန်ကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်း၏ တာဝန်ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။

“ဟင်းရွက်တွေ ရှာထွက်တဲ့ချိန်ဖြစ်တာလို့သိရတယ်။ ကျွန်တော့အထင် နင်းမိုင်းတော့ မဖြစ်နိုင်နိုင်ဘူးထင်တယ်။ တိုက်မိုင်းလိုမျိုးဖြစ်နေတာ။ကြိုးနဲ့ထားထားတဲ့မိုင်းလိုမျိုးလေ။ ဘာလို့ဆို ကလေးက ခြေထောက်မှာက မိုင်းစပဲထိတာလေ။ ဝမ်းဗိုက်ကို စင်ပြီး လာထိတာကိုး။ အသက်ကတော့ မစိုးရိမ်ရပါဘူး” ဟု ပြောသည်။

မိုင်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့သူမှာ အသက် ၁၄ နှစ်အရွယ် မငွါးမာဝူဟုခေါ်ပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

မာကျားကျေးရွာသည် ဝိုင်းမော်မြို့မှ မိုင် လေးဆယ်ခန့်အကွာ ဘွမ်တောင်ကျေးရွာ အနီးတွင် တည်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့က ဝိုင်းမော်မြို့နယ် ဝူယာန်ကျေးရွာတွင် လက်နက်ကြီးကျည်တစ်လုံးကို ကောက်ယူ ဆော့ကစားခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွာခဲ့ပြီး ဆယ်ကျော်သက် ကျောင်းသား ၃ ဦးတွင် တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – နာရေးကူညီမှုအသင်း

 

သင့်ထင်မြင်ချက်ရေးပေးပါ