ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ လက်ပံတန်းကျေးရွာတွင် ယမန်နေ့ ညနေခြောက်နာရီခွဲခန့်က သဲကျောက်လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်သားသုံးဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ပံတန်းကျေးရွာအရှေ့ဘက်ရှိ ဒေသအခေါ် နန့်ရင်းချောင်းတွင် သဲကျောက်လုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသားသုံးဦးကို အင်အား ၇၀ ခန့်ရှိသော စစ်ကောင်စီတပ်က နောက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“(သဲကျောက်လုပ်သား) ကောင်လေးတွေက မရှောင်ဘဲ အလုပ်ကို ဆက်လုပ်နေကြတာ။ အရင်ကလည်း အဲ့လိုစစ်ကြောင်းထိုးလာရင် သူတို့ (စစ်ကောင်စီ)က ဒီအတိုင်းပဲ သွားလိုက်တာ။ အခုက ကောင်လေးတွေကို တွေ့တော့ စစ်ဆေးမေးမြန်းပြီးတော့ PDF ဆိုပြီး လက်ပြန်ကြိုးတုတ်ပြီး နမ္မားကွင်းကြီးဘက်ကို ခေါ်သွားတာ” ဟုပြောသည်။

ဖမ်းဆီးခံရသည့် လုပ်သားသုံးဦးမှာ အလုပ်အခေါ် သဲကျောက်မှုံစုတ်နေချိန်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၎င်းတို့ သုံးဦးမှာ မည်သည့်ဒေသမှ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရသေးကြောင်း အသက် ၃၀ ခန့် အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တော်တော်ကြာပြီ အဲ့မှာအလုပ်လုပ်တာက၊ ဘာ PDF ကမှမဟုတ်ဘူး။ ကောင်လေးတွေက ဘယ်ရွာကမှန်းတော့မသိဘူး။ အသက်အရွယ်ကတော့ (၁၇ )နှစ်နဲ့(၁၈)နှစ်လောက်ပဲရှိဦးမှာ”ဟု ပြောသည်။

ဖမ်းဆီးခံရသည့် လုပ်သားသုံးဦးနှင့် ပတ်သက်ပြီး The 74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လက်ပံတန်းကျေးရွာတွင် သဲကျောက်လုပ်ကိုင်သူ ဆယ်ဦးခန့်ရှိပြီး ယင်းကျေးရွာသည် ၂၀၁၄ သန်းခေါင်းစာရင်းအရ အိမ်ထောင်စု ၁၄၀ ခန့်ရှိပြီး လူးဦးရေ တစ်ထောင့်ခုနှစ်ရာခန့်နေထိုင်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မိုးညှင်းမြို့နယ် နမ္မားမြို့တွင် နာရေးပွဲတစ်ခု ဝင်ရောက်စီးနင်းခံရပြီး မိသားစုဝင်များနှင့် နာရေးလာရောက်သူများကို ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

သတင်း – Nan Sandar Aye

ဓာတ်ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ