ကွတ်ခိုင်မြို့နယ်ရှိ ကောင်းခါးအခြေစိုက် ဌာနေပြည်သူ့စစ်နယ်မြေသို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ဝင်ရောက်တပ်စွဲကာ စခန်းပြုလုပ်ရန်ပြင်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြပြီး အဆိုပါလုပ်ရပ်သည် နယ်မြေချဲ့ထွင်ခြင်းဖြစ်သည်ဟု ဒေသခံကချင်လူထုက ပြောသည်။

TNLA တပ်ဖွဲ့ဝင်များက ဝင်ရောက်တပ်စွဲထားသည့် ကောင်းခါးတောင်တွင် စခန်းပြုလုပ်ရန်အတွက်ဟုဆိုကာ ဒေသခံပြည်သူများထံ ပေါက်ပြားနှင့် ဓားများကို လိုက်လံငှားယူနေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။
“သူတို့ကကျွန်မတို့နယ်မြေမှာ စခန်းလုပ်မယ်ဆိုပြီး ဓါးတွေ၊ ပေါက်ပြားတွေငှားပြီး ဝါးတွေ၊ သက်ကယ်တွေယူပြီး စခန်းလုပ်ကြမလို့ ပြင်နေကြတယ်။ ဘာလုပ်မလဲလို့မေးကြည့်တော့ စခန်းလုပ်မယ်တဲ့ တပ်လုပ်မယ်လို့ ပြောကြတယ်။ အဲ့ဒါနဲ့ နင်တို့ဟာနင်တို့ ဘာလို့အဲ့လိုမျိုး လုပ်ကြတာလဲလို့မေးတော့ ကျွန်တော်တို့‌နေရာ လိုက်လှည့်လည်တာလို့ပြောတယ်” ဟုပြောသည်။
ကောင်းခါးကျေးရွာသည် TNLA တပ်၏ သံလွင်ခရိုင်းအတွင်းပါဝင်သောကြောင့် နယ်မြေလှည့်လည်နေခြင်းဖြစ်ကြောင်းနှင့် အချို့တပ်ဖွဲ့ဝင်များက ကွန်မန်ဒိုတပ်ဖွဲ့နယ်လှည့်သည်ကို လုံခြုံရေးယူပေးခြင်းဖြစ်သည်ဟု ဒေသခံများကိုပြောကြောင်း သူကဆက်ပြောသည်။
“တချို့ကြတော့ အထူးလေ့ကျင့်ရေး ကွန်မန်ဒိုတွေ နယ်လှည့်သွားနေတာကို လုံခြုံရေးလာယူပေးတယ်လို့လည်းပြောတယ်။ တချို့ကြတော့ သူတို့နေရာကိုလိုက်ပြီး နယ်လှည့်တာလို့လည်း ပြောကြတယ်။ ကွတ်ခိုင်ကောင်းခါးက သူတို့ပလောင်တွေရဲ့ သံလွင်ခရိုင်ဆိုပြီး ပြောကြတယ်။ အဲ့တာကြောင့် လှည့်လည်တာလို့ပြောတာ” ဟုပြောသည်။
အဆိုပါ TNLA တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်တစ်ကြိမ် ဝင်ရောက်ခဲ့ပြီး စစ်ကောင်စီတပ်က ရောက်ရှိလာသောကြောင့် ပြန်လည်ထွက်ခွာသွားပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့က အင်အားအလုံးအရင်းဖြင့် ထပ်မံဝင်ရောက်လာပြီး ကက်သလစ်အသင်းတော် ဆုတောင်းကုန်းတွင် ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“သူတို့အလုံးအရင်းနဲ့ဝင်လာတာ နာရီဝက်ကိုတစ်ဖွဲ့ဝင်လာပြီးမှ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ကျွန်တော်တို့ RC ဆုတောင်းတောင်မှာ နေနေကြတယ်။ အဲ့တာကြောင့်ဒေသခံတွေက စိုးရိမ်နေကြတာ” ဟုပြောသည်။
စစ်ကြောင်းနှင့် ဝင်ရောက်လာပြီးနောက် အင်အားဖြည့်တင်းမှုများ ဆက်လက်ပြုလုပ်နေသောကြောင့် ကောင်းခါးကျေးရွာတွင် ရောက်ရှိနေသည့် TNLA တပ်ဖွဲ့ဝင်အင်အားအလွန်များလာသဖြင့် နယ်မြေချဲ့ထွင်လာခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့အဖွဲ့အနေနဲ့ ပြည်သူတွေလက်ခံတဲ့ အဖွဲ့အစည်း အင်အားတောင့်တင်းတဲ့ အဖွဲ့အစည်းဖြစ်ချင်လို့ သူတို့အာဏာတည်ဆောက်တာ လုပ်ချင်တာ။ တစ်ခုကကျတော့ ဒီရှမ်းမြောက်ဘက်မှာ ကချင်တွေနေတဲ့ နေရာတွေမှာ သူတို့အမျိုးတွေလည်း အများကြီးရှိလာတယ်လေ။ ဆိုတော့ ဒီနယ်မြေကို နယ်ချဲ့တဲ့ ပုံစံဖြစ်လာတာပေါ့” ဟုပြောသည်။
ကားလေးစီးဖြင့် ကောင်းခါးကျေးရွာသို့ရောက်ရှိလာသော TNLA တပ်ဖွဲ့ဝင်များကို KDA တပ်ဖွဲ့ဝင်များက တားဆီးမေးမြန်းချိန် လမ်းမှားနေသည်ဟုဆိုကာ RC ဆုတောင်းကုန်းသို့ တက်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကချင်လွတ်မြောက်ရေးတပ် (KIA) က စစ်ကောင်စီကို တိုက်ခိုက်ရန် ဘက်ပေါင်းစုံမှကြိုးစားနေစဉ် TNLA အနေဖြင့် ကချင်ဒေသကို နယ်မြေချဲ့ထွင်ရန်ကြိုးစားနေခြင်းသည် လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သည်ဟု ကချင်ဒေသခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးက ဆိုသည်။
“TNLA တော်လှန်ရေးဆက်လုပ်နိုင်ဖို့ KIA က အများကြီးကူညီခဲ့တာရှိတယ်။ ဒါပေမဲ့ KIA က အဓိကရန်သူကို ပစ်မှတ်ထားနေတဲ့အခါ ကချင်အများစုနေထိုင်တဲ့ ရှမ်းမြောက်က ဒေသတွေမှာ ပလောင်ပြည်နယ်ဆိုပြီး ဒေသခံလူထုရဲ့ သဘောထားမပါဘဲ လုပ်လာတာက ဌာနေကချင်တွေကို ရန်စတာနဲ့တူတယ်။ လူမျိုးရေးပြဿနာတွေ ဖြစ်လာနိုင်တယ်” ဟု ဆိုသည်။
ကောင်းခါးဌာနေပြည်သူ့စစ်သည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်တစ်ခုဖြစ်သော်လည်း ဒေသခံကချင်လူထု၏ ထောက်ခံအားပေးမှုကို ရရှိထားသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သောကြောင့် ကောင်းခါးပြည်သူ့စစ်ကို ထိုးနှက်ခြင်းသည် ရှမ်းမြောက်ကချင်လူထုကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ရှမ်းမြောက်မှာ အရင်က Kachin Sub-state ဆိုတာ ရှိခဲ့တယ်။ သမိုင်းကြောင်းအရ ရှမ်းစော်ဘွားနဲ့ ကချင်ဒူဝါတွေ သဘောတူညီမှုနဲ့ အုပ်ချုပ်တဲ့ နယ်မြေတွေဟာ သမိုင်းကြောင်း ခိုင်မာတယ်။ ဒီလိုနယ်မြေတွေမှာ ဒေသခံတွေကို မေးမြန်းတာမလုပ်ဘဲ လက်နက်အားကိုးနဲ့ TNLA က ပလောင်ပြည်နယ်ဆိုပြီးလုပ်လာတာဟာ မင်းအောင်လှိုင်ရဲ့ အာဏာရှင်လုပ်ရပ်နဲ့ အတူတူပဲ။” ဟု ဆိုသည်။
ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)သည် ညီနောင်မဟာမိတ်အဖွဲ့များဖြစ်ကြသောကြောင့် KIA အနေဖြင့် ယခုအကြောင်းအရာနဲ့ ပတ်သက်ပြီး ညှိနှိုင်းပေးစေလိုကြောင်း The 74 Media က မေးမြန်းခဲ့သည့် ဒေသခံများကပြောသည်။
ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှစတင်ကာ TNLA တပ်ဖွဲ့ဝင်များက ဝင်ရောက်နေထိုင်ခဲ့သောကြောင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း ဒေသခံအချို့ထွက်ပြေး တိမ်းရှောင်ခဲ့သည်။
လားရှိုးမြို့၊ အရှေ့မြောက်ဘက်ရှိ ဂျာယန်ကျေးရွာတွင် စခန်းချထားသည့် KDA ပြည်သူ့စစ်စခန်းကို ဖေဖော်ဝါရီ ၄ ရက်နေ့က TNLA တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံကလေးသူငယ်များအပါအဝင် ပြည်သူ ၇၀ ခန့်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
သတင်း – Nan non
ဓါတ်ပုံ – CJ
သင့်ထင်မြင်ချက်ရေးပေးပါ