စစ်ကောင်စီတပ်က သတ်ဖြတ်ထားသည့် ခေါင်းမပါသည့် ရုပ်အလောင်းတစ်လောင်းကို ပုလဲမြို့နယ်တွင် ယမန်နေ့နံနက် ၁၁ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။
တစ်လကျော်ကြာပျောက်ဆုံးနေသည့် အဆိုပါအမျိုးသား၏ရုပ်အလောင်းကို ကြောင်ဝင်ဒူးရွာအနီးရှိချောင်းဘေးတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင် ကိုဂဏန်းက The 74 Media ကိုပြောသည်။
“အလောင်းက ဘယ်ဘက်ကိုစောင်းပြီးမှကွေးပြီး အိပ်နေတဲ့အနေအထားဗျ။ သူဝတ်သွားတဲ့အဝတ်အစားရယ်၊ လွယ်အိတ်ထဲမှာပါတဲ့ခြောက်လက်မလောက်ရှိတဲ့ဓားမြှောင်တစ် ချောင်းရယ်၊ လေးခွရယ်တွေ့တယ်။ အလောင်းမကောက်ခင် ခေါင်းရဲ့နေရာမှာ မြက်ပင်တွေခြောက်နေတာတွေ့ရတယ်။ လည်ပင်းကိုမပြတ်တပြတ် သတ်ခဲ့တဲ့အနေအထားမှာ တိရိစ္ဆာန်တစ်ကောင်ဆွဲသွားတာထင်တယ်” ဟုပြောသည်။
အသတ်ခံခဲ့ရသူမှာ အသက် ၄၈ နှစ်ခန့်အရွယ်ရှိ ဦးငြိမ်းဝင်းဆိုသူဖြစ်ပြီး ပုလဲမြို့နယ် အောင်ချမ်းသာရွာမှ သားသမီးသုံးဦး၏ ဖခင်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၁၀ ရက်နေ့ ည ၉ နာရီခန့်က နေအိမ်မှထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့ပြီး မိသားစုဝင်များက နည်းလမ်းမျိုးစုံဖြင့် ရှာဖွေခဲ့သော်လည်းမတွေ့သောကြောင့် တစ်လပြည့်ဆွမ်းကပ်ပြုလုပ်ပြီး ရက် ၂၀ ကျော်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
“သူသွားတတ်တဲ့နေရာတွေကို လူကိုယ်တိုင်လိုက်စုံစမ်းတာတွေရှိတယ် ဖုန်းနဲ့စုံစမ်းတာရှိတယ်။ သတင်းအစအန ဘယ်လိုမှမရတော့ စစ်တပ်ထိုင်ထားတဲ့ရွာပတ်ချာလည်ကို အတက်နိုင်ဆုံးကပ်ပြီးရှာကြည့်တယ် လုံးဝရှာလို့မရဘူး” ဟု ပြောသည်။
ကြောင်ဝင်ဒူးကျေးရွာနှင့် ကန့်ဒေါင့်ကျေးရွာအစပ်တွင် ဇန်နဝါရီ ၁၁ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းထိုးကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ထိုနေ့က သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း Pale Jokers PDF အဖွဲ့၏ တာဝန်ရှိသူ ကိုပုလဲကပြောသည်။
“မနေ့ကတောင်သူလုပ်တဲ့သူတွေကနေ သတင်းပို့လို့ ကျွန်တော်တို့အလောင်းသွားကောက်တယ်။ ကြောင်ဝင်ဒူးရွာကို မီးရှို့တဲ့နေ့က သတ်ခဲ့တာဖြစ်ဖို့များတယ်။ အဲ့တုန်းကပြည်သူလူထုတွေ ရွာတွေမှာ ဘယ်သူမှ မကပ်တော့ဘူး။ စစ်ကြောင်းကို ရဟတ်ယာဉ်နဲ့လာချပြီးတဲ့နောက်မှာ အဲဖြစ်စဉ်ကဖြစ်သွားတာ” ဟုပြောသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အိုင်ရောင်းကျေးရွာတွင်လည်း ဇန်နဝါရီ ၃၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းက ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်းသိရသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အိမ်ထောင်စု သုံးသောင်းကျော် လူဦးရေ တစ်သိန်းခွဲခန့် နေထိုင်သည်။
သတင်း – Pu Noi Tsawm
သင့်ထင်မြင်ချက်ရေးပေးပါ