ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာတွင် ပြည်သူကိုးဦး ဖမ်းဆီးသတ်ဖြတ်ခံခြင်းနှင့် ပတ်သက်ပြီး ကျူးလွန်သူများကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့က အုပ်စုလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသည့် မိုးကောင်း မြို့ပြပြောက်ကျားအဖွဲ့ UG Black K အဖွဲ့ဝင်အချို့နှင့် ကေအိုင်အေ တပ်မဟာ (၂)၊ တပ်ရင်း (၂၀) မှတပ်သားများ အပါအဝင် ၂၀ ဦးခန့်ကို ကေအိုင်အေဌာနချုပ်တွင် ဖမ်းဆီးထားသည်ဟု ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“ဒီဖြစ်စဉ်မှာပါဝင်တဲ့တချို့တပ်သားတွေက ကျင်းတူးတယ်၊ အဓိကကတော့ သတင်းအမှားပေးတဲ့ သူတွေကြောင့်ပေါ့၊ ဒလန်ဆိုတဲ့စကားလုံးကြားတာနဲ့ အရမ်းထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် ဒလန်ထင်တယ်ဆိုတဲ့ ’ထင်’တစ်လုံးအောက်မှာ ကျူးလွန်မိသွားတာပေါ့” ဟုပြောသည်။

လူသတ်အလောင်းဖျောက်မှုကျူးလွန်ခဲ့ပြီး တစ်လအကြာ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်နှင့်အတူ မိသားစုဝင်များက အလောင်းများကို ပြန်လည်တူးဖော်ခဲ့ကာ မီးရှို့သင်္ဂြိုလ်ခွင့်ရရှိခဲ့ကြောင်း သူက ဆက်ပြောသည်။

“အသတ်ခံရတဲ့ကိုးယောက်ရဲ့အလောင်းတွေကို ကျင်းထဲကနေထုတ်တယ် မီးသင်္ဂြိုဟ်တယ်၊ ကောင်းကောင်းပြန်ပြီး မြုပ်လိုက်တာပေါ့။ ရုပ်အလောင်းမြုပ်ထားတာကတော့ လဝါးရွာမှာပဲ၊ ရွာရဲ့ ချောင်ကျတဲ့နေရာဘက်မှာ မြုပ်ထားတာ” ဟုသူကပြောသည်။

အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်ကို ဇန်နဝါရီလ ၂၉ ရက်နေ့က ဗန်းမော်မြို့၊ မြစ်ကြီးနားမြို့၊ ဆားမှော်ကျေးရွာ၊ မိုးကောင်းမြို့၊ ဖားကန့်မြို့နှင့် နမ္မတီးမြို့တို့မှ အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ကချင်လွတ်မြောက်ရေးတပ်နှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်မှုများပြုလုပ်နေကြောင်း သိရသည်။

သတ်ဖြတ်ခံခဲ့ရသည့် ကိုးဦးထဲမှ ခုနှစ်ဦးကို ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီက UG Black K အဖွဲ့က မေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားပြီး ကျန်နှစ်ဦးကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် ထပ်မံဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဗန်းမော်မြို့ဒေသခံတစ်ဦးက ပြောသည်။

“သူတို့မောင်နှမတွေ (ဦးလဇွမ်တူးလွမ်) က ကျွန်တော်တို့ ဗန်းမော်က ဟုတ်တယ်။ သူတို့က မဂေါင်းတောင်ရွာမှာ ၂၀၁၉ လောက်ကတည်းက ခြံလုပ်တာ ဖားကန့်မှာလည်း အလုပ်လုပ်တယ်။ အဲ့ဒီညက သူတို့မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲ။ ငါးမျှားကြ၊ ကြက်သတ်စားကြတာပေါ့။ အသက်နည်းနည်းငယ်တဲ့ နှစ်ယောက်ကိုတော့ ညကျရင် ပေါ်တာဆွဲမှာစိုးလို့ ရွာထဲပြန်အိပ်ခိုင်းတယ်” ဟုသူကပြောသည်။

အဆိုပါ ကိုးဦးသတ်ဖြတ်ခံခဲ့ရပြီး သုံးရက်ခန့်အကြာတွင် မိုးကောင်းမြို့ပြပြောက်ကျား (UG Black K) အဖွဲ့က စစ်ကောင်စီတပ်နှင့် ပူးတွဲလုပ်ဆောင်နေသည့် ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်များအပါအဝင် ကိုးဦးကို မိုးကောင်းမြို့ပြပြောက်ကျားအဖွဲ့ကဖမ်းမိသည်ဟု ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့ခဲ့ကြောင်းသိရသည်။

ပြစ်မှုကျူးလွန်ခဲ့သည့် မိုးကောင်းမြို့ပြပြောက်ကျား UG Black K အဖွဲ့မှ တပ်သားအချို့လည်း ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

ထိုဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ဦးဂျန်မောလဆိုသူကိုလည်း လူသတ်မှုကျူးလွန်ခဲ့သောအဖွဲ့က လိုက်လံရှာဖွေနေသောကြောင့် ထွက်ပြေးတိမ်းရှောင်နေပြီး သေဆုံးသူမိသားစုဝင်များနှင့် ရပ်ရွာလူကြီးများက လုံခြုံသောနေရာသို့ ပို့ဆောင်ထားသည်။

သေဆုံးသူများတွင် အမျိုးသားခုနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးပါဝင်ပြီး ဗန်းမော်မြို့မှ အသက် (၅၄) နှစ်ခန့်အရွယ်ရှိ ဦးလဇွမ်တူးလွမ်၊ အသက် (၃၅) နှစ်ခန့်အရွယ်ရှိ ဦးလဇွမ်ထွယ်ရှောင်(ခ) ထွန်းအေး၊ အသက် (၅၀) နှစ်ခန့်အရွယ်ရှိ  ဦးမြင့်ထွေး၊ အသက် (၂၇) နှစ်ခန့်အရွယ်ရှိ ဦးထွန်းယုံ၊ နမ္မတီးမြို့ လမ်းခွကျေးရွာမှ အသက် (၄၇) နှစ်ခန့်အရွယ်ရှိ ဦးယောဟန်၊ မိုးညှင်းမြို့နယ် ဆားမှော်ကျေးရွာမှ အသက် (၂၇)နှစ်ခန့်အရွယ်ရှိ ဒေါ်အင်ဒေါင်နန်လွမ်၊ အသက် (၂၈) နှစ်ခန့်အရွယ်ရှိ ဒေါ်ဖောင်မားခေါန်ဘူနှင့် အသက် (၄၉) နှစ်ခန့်အရွယ်ရှိ ဦးကျော်စိုးဆိုသူတို့ဖြစ်ကြောင်း သိရသည်။

စစ်ဘက်အရာရှိမှ အရပ်ဘက်အရာရှိအဖြစ်သို့ ပြောင်းလဲတာဝန်ထမ်းဆောင်သည့် ဒွန်ဘန်အကျဉ်းထောင်မှူး ဗိုလ်ကြီးကိုင်ဇာလျန်ကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့က UG Black K အဖွဲ့က ဖမ်းဆီးခဲ့သည်။

သတင်း –  Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ