မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီစစ်ကြောင်းက ဖားကန့်ဒေသခံပြည်သူ ၇၀ ခန့်ကို ယမန်နေ့ညနေ ၅ နာရီခွဲခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ရှရော်ခကျေးရွာ၊ မဲ့လင်ချောင်ကျေးရွာ၊ မှော်မောင်းလျှံကျေးရွာနှင့် ဘလခမှော်တို့တွင် လှည့်လည်သွားလာနေသော စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စပျစ်ကူးကျေးရွာမှ ဒေသခံအမျိုးသားများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ကုမ္ပဏီမှာနေပြီး ရွာတွေကိုလိုက်စစ်နေတာလေ။ အဲ့တာ ဗုံးပေါက်တယ်တဲ့။ အဲ့ရွာက လူတွေကို ယောက်ျားမှန်သအမျှအကုန်ထွက်ခဲ့ဆိုပြီး ခေါ်သွားတာ။ ကားနဲ့လာတဲ့အချိန်မှာ ဖြစ်သွားတာ။ ကုမ္ပဏီဝင်းထဲနေပြီး ခဏခဏထွက်တယ် ထွက်လာတဲ့အချိန် ပေါက်တာပေါ့” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းလာသည့် ကားတစ်စီး မိုင်းထိမှန်ခဲ့ကြောင်း ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“မနေ့တုန်းကဆင်းလာတဲ့ စစ်သားတွေကို ကျွန်တော်တို့ဘက်ကနေပြီး မိုင်းဆွဲလိုက်တာတဲ့။ ဆိုင်းဂျာဘွမ်က ဆင်းလာတဲ့သူတွေကို တချို့ကတော့ လမ်းလျှောက်ပြီးလာတယ် တချို့ကြတော့ ပါကျဲရိုနှစ်စီးနဲ့လာတယ်။ ပါကျဲရိုတစ်စီးကို မိုင်းထိသွားတယ်နေမှာ။ အဲ့မှာဒဏ်ရာရတဲ့သူတွေပါတယ်နေမှာ၊ အာ့ကြောင့်ရွာဘက်ကို သေနတ်အငယ်တွေ လိုက်ဖောက်တာပေါ့” ဟုပြောသည်။

စစ်ကောင်စီစစ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို ယမန်နေ့ညနေမှ ယနေ့နံနက်အထိ လိုက်လံဖမ်းဆီးနေခြင်းဖြစ် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားသည့် ကုမ္ပဏီများအတွင်း ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ရပ်ကွက်နေဒေသခံတစ်ဦးကပြောသည်။

“ရှောင်တခင်ဝင်ဖမ်းတဲ့ပုံစံမျိုးနဲ့လုပ်နေတာ။ ခုဆို ရွာလည်းခြောက်ကပ်နေပြီ အကုန်အိမ်ထဲနေနေရတယ်။ လူသစ်စုဆောင်းသလိုပုံစံနဲ့လိုက်ဖမ်းနေတာ။ အရင်တစ်ခါဖမ်းခံထိပြီး ပြန်လွတ်လာတဲ့သူပြောပြတာတော့ သူတို့တပ်ထဲဝင်ဖို့ တိုက်တွန်းတယ်လို့လည်းပြောတယ်” ဟုသူကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သတင်း – Nan non, SK

ဓါတ်ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ