စစ်ကောင်စီတပ်က လေကြာင်းမှတိုက်ခိုက်ခဲ့သဖြင့် ရွှေကူမြို့နယ်တွင် ယမန်နေ့ မွန်းလွှဲ ၃ နာရီခန့်က အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သင်္ဘောအင်းကျေးရွာအနီးရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် ရွှေတူးဖော်နေသည့် ရွှေဖောင် (ရွှေတူးသည့်စက်လှေ)များအနီး ဗုံးကြဲချိန် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မြစ်ကမ်းဘေး သင်္ဘောအင်းသင်္ချိုင်းနားမှာ ကပ်ပြီးမှရွှေမောင်းနေကြတာ။ အမေကတော့ ရင်သားတွေ ထိထားတာဟုတ်တယ်။သားနဲ့သမက်ကတော့ ပွဲချင်းပြီးသေသွားတာပေါ့ဗျာ။ နောက်ပြီး ရွှေမော်တော် (စက်လှေ)ပေါ်မှာ အင်ဝိုင်းနေတာက တစ်ယောက်ထိကြတယ်” ဟုပြောသည်။

ရွှေမောင်းခြင်းဆိုသည်မှာ မြစ်ကြမ်းပြင်မှ သဲကျောက်များကို စက်ဖြင့်စုပ်ယူပြီး မျှောပေါ်မှရေဖြင့်မျှောချခြင်းဖြစ်ပြီး အင်ဝိုင်းခြင်းဆိုသည်မှာ သစ်သားဖြင့်ပြုလုပ်ထားသော အင်ပြားတွင် ရွှေရောနှောပါဝင်နေသည့် သဲများကိုထည့်ပြီး ရွှေကိုသီးသန့်ခွဲထုတ်ခြင်းဖြစ်သည်။

ထို့အပြင် သင်္ဘောအင်းကျေးရွာအနောက်ဘက် ငါးဇင်ရိုင်းအင်းအနီးတွင်လည်း ဗုံးထပ်မံကြဲခဲ့ရာ မြေတူးနေသည့် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သူကဆက်ပြောသည်။

“ပဲပေါင်းပေါက် (မြက်ပင်ပေါင်းပင်များ ရှင်းလင်း) တဲ့ ကောင်မလေးတစ်ယောက်က သူ့ပေါက်တူးအရိုးကို ကောင်းကင်လှမ်းထောင်လိုက်တာတဲ့ လှမ်းပစ်တဲ့ပုံစံမျိုးပေါ့။ အဲ့တာကို သူတို့ကိုပစ်ပြီဆိုပြီးမှ လက်နက်ကြီးချသွားတာ” ဟုသူကပြောသည်။

တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လာရောက်ဗုံးကြဲခြင်းဖြစ်ပြီး ရွှေတူးဖော်နေသည့် အရပ်သားများရှိရာနေရာတွင် ရည်ရွယ်ပြီးလာရောက်ဗုံးကြဲခြင်းဖြစ်ကြောင်း ရွှေကူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဲ့နေရာရယ်။ အဲ့နေရာရဲ့အထက် နောင်မူဆိုတဲ့နေရာနားလေးရယ် အဲ့နားမှာလည်း ရွှေကျင်နေကြတဲ့ မော်တော်တွေရှိတယ်။ အဲ့ဒီနားလေးမှာလည်း ကြဲတယ်လို့ပြောတယ်။ အဲ့နေရာကတော့ အထိအခိုက် မသိရသေးဘူး” ဟုပြောသည်။

ဗုံးစထိမှန်ခဲ့သည့် မိသားစုဝင်သုံးဦးမှာ ရွှေကူမြို့နယ်၊ ပေါက်ကုန်းကျေးရွာ ဒေသခံများဖြစ်ပြီး ကျန်အမျိုးသမီးနှစ်ဦးမှာ သင်္ဘောအင်းကျေးရွာဒေသခံများဖြစ်ကြောင်း သိရသည်။

သေဆုံးခဲ့သည့် အသက်၂၀ နှစ်ခန့်အရွယ်ရှိ ကိုနိုင်ထက်နှင့် အသက်၂၇ နှစ်ခန့်အရွယ်ရှိ ကိုထိုက်လွင်တို့ကို ယနေ့နေ့လည် ပေါက်ကုန်းကျေးရွာသုဿာန်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ်၊ တာဟိုးနားကျေးရွာအနီး ရွှေတူးဖော်နေသည့် ရွှေလုပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့သောကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ဒေသခံ ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ