စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်ယမန်နေ့က အရပ်သားပြည်သူနှစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ဘေးရှောင်များနေထိုင်သည့် နေရာသို့ လက်နက်ကြီး ခြောက်ကြိမ်ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဒီးမော့ဆိုမြို့နယ်၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ The 74 Media ကိုပြောသည်။

“လက်နက်ကြီးက စစ်ရှောင်တွေနေတဲ့ အိမ်နှစ်အိမ်ကြားကို ရောက်သွားတာ။ တစ်အိမ်မှာက အမျိုးသမီးတစ်ယောက်ပဲနေတာ သူကအဲ့ချိန်မှာ ဖုန်းပြောဖို့ဆိုပြီး လိုင်းရတဲ့ဘက် ခဏထွက်သွားတဲ့ချိန်ဖြစ်သွားတော့ သူကတော့ လွတ်သွားတယ်ပေါ့။ ဒါပေမဲ့ တခြားအိမ်က မိသားစုက ညဆိုတော့ လူစုံနေတဲ့ချိန်လေ အဲ့ချိန်မှကျတော့ လက်နက်ကြီးထိသွားကြတာ။ ဆုံးသွားတဲ့ အစ်မမှာက အသက် နှစ်နှစ်အရွယ်ကလေးလည်းရှိတယ်။ သူ့အဘွားနဲ့ နေနေလို့လွတ်သွားတယ်။ ထိသွားတဲ့ နှစ်ယောက်ကလည်း ဆိုးဆိုးဝါးဝါးပဲ” ဟု ပြောသည်။

သေဆုံးသွားသော စစ်ရှောင်များမှာ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာ ဘယ်လက်မောင်းကျိုးဒဏ်ရာနှင့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးမှာ တင်ပါးဆုံတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု သူက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်က ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ အသက် ၇၀ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သူက ဆက်ပြောသည်။

“သက်ကြီးရွယ်အိုတစ်ယောက် သေဆုံးတာတော့သေချာတယ်ပေါ့နော်။ တိုက်ပွဲလည်းမရှိဘူးလေနော် လက်နက်ကြီးပစ်တာက။ ဒီးမော့ဆို အရှေ့မှာဖြစ်တာက ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ အဲ့လောက်ပဲသိတာ အသေးစိတ်ဖြစ်တာတော့မသိဘူး” ဟုဆိုသည်။

 

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သော နေရာများသည် စစ်ရှောင်လူဦးရေ တစ်ထောင်ထက်မနည်းနေထိုင်သော ဒီးမော့ဆိုမြို့ အရှေ့ဘက်နှင့် အနောက်ဘက်နေရာများဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာအုပ်စု စုစုပေါင်း ၂၆ ခုရှိပြီး အိမ်ထောင်စုအရေအတွက် တစ်သောင်းကျော်နှင့် လူဦးရေစုစုပေါင်း ရှစ်သောင်းခန့်နေထိုင်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွး၊ မြောက်စလုံးနန်းနင်ကျေးရွာနှင့် ကောင်မဲတင်းကျေးရွာသို့ ဖယ်ခုံမြို့အခြေစိုက် စကခ (၇)တပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – DMO Local PDF

သင့်ထင်မြင်ချက်ရေးပေးပါ