ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နောင်ဆွေကျေးရွာအနီးတွင် ယနေ့ နံနက် ဆယ်နာရီခန့်က ကချင်လွတ်မြောက်ရေးတပ်(KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကွတ်ခိုင်မြို့မှ သုံးမိုင်ခန့်အကွာ နောင်ဆွေကျေးရွာအနီးတွင် စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာချိန် ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“(KIA) တပ်ရင်း ၈ နဲ့ တပ်ရင်း ၉ တွေ ပေါင်းပြီးဖြစ်နေတာ။ စစ်ကောင်စီတပ်တွေ ထိုးတပ်လာတဲ့ချိန် ပစ်ကြတာ” ဟုပြောသည်။

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီဗျူဟာကုန်းနှင့် ဒေသအခေါ် စစ်ကောင်စီတပ်၏ အမှတ်တရကုန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူနေကြောင်း ဗျူဟာကုန်းအနီးနေထိုင်သော ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီမနက်ကတည်းက ပစ်နေကြတာ။ အသံတွေ တောက်လျှောက်မြည်နေတာ ခုတောင်ပစ်နေတုန်းပဲ။ ကျွန်တော်တို့အိမ်က စစ်တပ်နဲ့နီးတော့ကြားနေရတယ်။ ခုလည်း ပစ်နေတာ ဆယ်ချက် မကတော့ဘူး” ဟုပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ နောင်ဆွေကျေးရွာပါဝင်သော ဖတ်ယိုင်းပြိန်းဟွယ်ကျေးရွာအုပ်စုတွင် လူဦးရေ နှစ်ထောင်နီးပါးနေထိုင်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ ကောင်ရာကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – Jason Motlagh (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ