စစ်ကောင်စီတပ်က အသက် ၁၃ နှစ်ခန့်အရွယ်ရှိ ယောကျာ်းလေးနှစ်ဦးကို ခေါင်းဖြတ်သတ်မှု စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ညောင်ပင်ကန်ကျေးရွာမှ ဖမ်းခေါ်လာသည့် အသက် ၁၃ နှစ်ခန့်အရွယ်ရှိ ယောကျာ်းလေးနှစ်ဦးကို စစ်ကောင်စီတပ်က ကန်တော်ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ခေါင်းဖြတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့၏ခေါင်းဆောင် ကိုသက်ကြီးက The 74 Media ကိုပြောသည်။

“မနက်ပိုင်းကနေစပြီးတိုက်ပွဲဖြစ်တာ။ တောကျောင်းမှာ သူတို့ကဝင်တယ်၊ ကျွန်တော်တို့က ဝင်ပစ်တဲ့ချိန် တောကျောင်းကနေ ဒီကောင်တွေဆုတ်သွားတယ်။ သူတို့သတ်ခဲ့တာ ကလေးနှစ်ယောက်ကို ဖမ်းလာပြီးမှ ခေါင်းဖြတ်သတ်ခဲ့တာ အဲ့နောက်သူတို့နောက်ဆုတ်သွားတယ်။ သတ်ခံရတာက အပြစ်မဲ့ကလေးတွေပေါ့” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းနှင့် ၎င်းတို့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကန်တော်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးခန့်သေဆုံးခဲ့ကာ ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်းသူကဆက်ပြောသည်။

“နယ်မြေရှင်းလင်းရေးလုပ်တဲ့ချိန်မှာ တချို့သွေးကွက်တွေဆို ဖုံးထားတာတွေ့တယ်။ သူတို့အလောင်း‌တွေ ဆွဲထုတ်သွားတာတွေတွေ့တယ်။ တိုက်ပွဲဖြစ်ပွားတဲ့အချိန် ကျွန်တော်တို့ကိုယ်တိုင်လည်းပါပါတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကန်တော်ကျေးရွာက ဘုန်းကြီးကျောင်းသုံးကျောင်းနှင့် နေအိမ် ၁၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းမူမြို့နယ်ရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တိုက်ပွဲလည်းဖြစ်တယ်။ ရွာသားတွေပေါ့ သတ်ခံရတာက အသက်တွေက ငယ်ငယ်လေးတွေ ရှိပါသေးတယ်။ သုံးကျောင်းလောက်ပါသွားတယ်။ နယ်မြေရှင်းလင်းရေးလုပ်မှ တွေ့တာပေါ့နော်။ ညပိုင်းတိုက်ပွဲမှာ ရဲဘော်နှစ်ယောက်ကျတယ်” ဟုပြောသည်။

The 74 Media က ရရှိထားသော ဓာတ်ပုံများအရ ယောကျာ်းလေးတစ်ဦး၏ ဦးခေါင်းကို ကွပ်ပျစ်ပေါ်တွင် တင်ထားပြီး အခြားတစ်ဦး၏ ဦးခေါင်းကိုမူ ခြံစည်းရိုးတိုင်တွင် ချိတ်ဆွဲထားကြောင်းတွေ့ရသည်။

သတ်ဖြတ်ခံထားရသူနှစ်ဦး မည်သူမည်ဝါဖြစ်သည်ကို The 74 Media က မသိရှိရသေးပါ။

စစ်ကိုင်းတိုင်း တောင်ဘက်ပိုင်းတွင် တည်ရှိသော မြင်းမူမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၈ ခုရှိပြီး လူဦးရေ တစ်သိန်းခန့်နေထိုင်သည်။

မြင်းမူမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က People’s Army to Fight Dictatorship (PAFD) အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – TGR Zaw Gyi

သင့်ထင်မြင်ချက်ရေးပေးပါ