စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား အရာတော်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိဖြစ်ပွားခဲ့သော ခုနှစ်ရက်တာတိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ ဦးကျဆုံးခဲ့ပြီး ပြည်သူသုံးဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

အရာတော်မြို့နယ် မင်းကျေးရွာမှထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေချိန် လက်နက်ကြီးမတော်တဆ ပေါက်ကွဲမှုကြောင့် ယမန်နေ့ နံနက် ရှစ်နာရီခွဲခန့်က တော်လှန်ရေးရဲဘော် သုံးဦးကျဆုံးခဲ့သည်ဟု NDRF အဖွဲ့၏ ခေါင်းဆောင်က  The 74 Media ကိုပြောသည်။

“သူတို့(စစ်ကောင်စီ)ထွက်သွားပြီးတဲ့ချိန် ကျွန်တော်တို့ကလည်း ပြန်ချမယ်ပေါ့။ ပြန်ချဖို့ လုပ်တဲ့ချိန်မှာ။ အဲ့ဟာ(လက်နက်)က ကျွန်တော်တို့ စစ်ကောင်စီတွေဆီက ရလာတဲ့ လက်နက်။ သူတို့ကို ပြန်ပစ်ဖို့လုပ်တဲ့အချိန် Error (အမှား) တက်ပြီးတော့ ပေါက်ကွဲသွားတာ။ အဲ့တာ သူတို့တွေကို ပြန်ချမယ်ဆိုပြီး လုပ်တဲ့အချိန်ဖြစ်သွားတာ” ဟု ပြောသည်။

လက်နက်ကြီးမတော်တဆပေါက်ကွဲမှုကြောင့် ကျဆုံးသွားသော ရဲဘော်သုံးဦးမှာ အသက် ၁၈ နှစ်အရွယ် ရဲဘော်ကာဘာ၊ အသက် ၁၉ နှစ်အရွယ် ရဲဘော်ဆိုက်ကို နှင့် အသက် ၂၀ နှစ်အရွယ် ရဲဘော် နွေဦးတို့ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နွားမသင်းကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် မင်းရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ခုနှစ်ဦးကျဆုံးခဲ့ကြောင်း GZP (Mandaly) ၏ ခေါင်းဆောင်က ပြောသည်။

“စစ်ကြောင်းနှစ်ကြောင်းကို ကြားညပ်ခံရတော့ ပြာယာခတ်တဲ့ချိန် စစ်ကြောင်းကိုလည်း ခုခံရင်းကျသွားတာပါဗျ။ ကျွန်တော့်အဖွဲ့က ဒဏ်ရာရတဲ့သူလည်းရှိတယ်။ စစ်ကြောင်းနဲ့တွေ့ရင်း လက်နက်သုံးလက်လည်း ကျကျန်ခဲ့တယ်ဗျ” ဟု ပြောသည်။

ကျဆုံးသွားသော ရဲဘော်သည် အသက် ၂၀ နှစ်အရွယ်ခန့် ရဲဘော်ကင်းကြီးဟုခေါ်ပြီး ရဲဘော် ကုလားကြီးနှင့် ရဲဘော် အသေးလေးတို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း သူက ပြောသည်။

ကျဆုံးသွားသော တော်လှန်ရေးရဲဘော်များနှင့် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကောင်စီစစ်ကြောင်းကို မီးရှို့သွားခဲ့ကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အရာတော်မြို့နယ် မင်းရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူပိုင် နေအိမ်စုစုပေါင်း ၇၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူသုံးဦး သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း မင်းရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ရွာမှာ တပ်စွဲတဲ့ချိန်ကတော့ နေရာအနှံ့ပဲ။ ဘုန်းကြီး‌ကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ အိမ်တွေမှာ ဆေးရုံတွေမှာ နေပြီးသောက်စားကြတာလေ။ လေကြောင်းနဲ့ရော တိုက်တယ် မီးလည်းရှို့တယ်။ အိမ်တွေလည်း အကုန်ပါကုန်ပြီ။ မင်းရွာက သုံးယောက်လည်း စစ်ကောင်စီတွေသတ်ဖြတ်တာခံရတယ်” ဟု ဆိုသည်။

သတ်ဖြတ်ခံရသူများမှာ အသက် ၄၀ ကျော်ခန့်အရွယ် အမျိုးသားများဖြစ်ကြောင်းသူကပြောသည်။

 

အရာတော်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း တိုက်ပွဲ ၁၀ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သော တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင်ဖြစ်ပွားခဲ့သော ခုနှစ်ရက်တာအတွင်းတိုက်ပွဲကို Generation Z Power – GZP (Mandaly)၊ MPRF၊ ပြည်သူ့ကာကွယ်‌ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း (၄)၊ မုံရွာ ခရိုင်တပ်ရင်း (၂၁) ခွဲ – ၂ (NDRF)၊ BRA၊ MRTF၊ SEAFARING FALCON FORCE (သခွတ်ပင်လယ်)၊ NUG – FFS၊ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့ (APOSTLE)၊ မုံရွာခရိုင် တပ်ရင်း (၂၁) ခွဲ – ၁ (Zayar – 7)၊ ကျောက်ဆည်ခရိုင် (ပကဖ)၊ MTG (လက်နက်ကြီးအဖွဲ့)၊ လှော်တက်အင်အားစု – 126 အပါအဝင် မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ အရာတော်မြို့နယ် မင်းရွာတွင် အိမ်ထောင်စုအရေအတွက် ခုနှစ်ရာကျော် နှင့် လူဦးရေစုစုပေါင်း သုံးထောင်ကျော်ခန့်နေထိုင်သည်။

စစ်ကိုင်းတိုင်းအရာတော်မြို့နယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီထုတ်ပြန်ခဲ့သော မာရှယ်လောမြို့နယ်စာရင်းတွင် ဖော်ပြခြင်းခံခဲ့ရပြီးနောက် လေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ပွဲများနေ့စဉ်နီးပါးဖြစ်ပွားခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ