စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု မော်တောင်းကျေးရွာနှင့် ဆယ်မိုင်ကျေးရွာကို ယနေ့ နံနက် နှစ်နာရီခန့်အချိန်က ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ရိုက်နှက်ကာ ပိုက်ဆံ၊ ကား၊ ဖုန်းနှင့် အိမ်တွင်းပစ္စည်းများကို လုယူသွားကြောင်း သိရသည်။

အင်အား ၂၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားအဖြူ လေးစီးဖြင့် မော်တောင်းကျေးရွာမှ နေအိမ်သို့ ဝင်ရောက်စီးနင်းကာ WISH ကားအဖြူတစ်စီးနှင့် ဖုန်းသုံးလုံးကို သိမ်းဆည်းသွားခဲ့ကြောင်း နီးစပ်သူ ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့ မနက်စောစော ရိုးရိုးကားလေးစီးနဲ့လာပြီး ကားနဲ့တက်လိုက်ဆင်းလိုက်လမ်းပေါ်မှာ အဲလိုလုပ်နေတာ။ အစက စုဆောင်းရေးလုပ်နေတာထင်တာ၊ ဓာတ်မီးတွေပဲမြင်နေရတယ်။ သမီးရဲ့ဖုန်း၊ အိမ်ကအခြားဖုန်းနဲ့ ဘေးအိမ် ဆွေမျိုးအိမ်က ဖုန်းယူသွားတယ်တဲ့။ သမီးကိုလည်းခေါ်သွားပြီး ရွာပတ်ကြည့်တယ်တဲ့”ဟုပြောသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မော်တောင်းရွာရှိ အခြားနေအိမ်တစ်ခုကို ဝင်ရောက်စီးနင်းကာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး၏ နဖူးကို သေနတ်ပြောင်းဝနှင့်ရိုက်နှက်ခဲ့သောကြောင့် နဖူးကွဲသွားကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“သူတို့(စစ်ကောင်စီ)က တံခါးကို အရင်ရိုက်ချိုးပြီးဝင်လာတာ တွေ့တာနဲ့ရိုက်ပြီ။ ဘာမှပြောခွင့်တောင်မရဘူး။ နောက်တော့ အိမ်ပြင်ကိုခေါ်သွားတယ်။ ပြီးရင်လမ်းပေါ်ကို ဆွဲခေါ်သွားပြီးရိုက်တယ်”ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ပြီးနောက် အဆိုပါအမျိုးသားနေအိမ်မှ ဘုရားအလှူငွေ ဆယ်ဖို့တစ်ဖို့၊ ကချင်အရက်တစ်ပုလင်းနှင့် ငါးခြောက်များကိုလည်း ယူသွားကြောင်း သိရသည်။

ထိုကဲ့သို့ ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆယ်မိုင်ကျေးရွာ အပိုင်း (၅) မှ နေအိမ်တစ်အိမ်ကို ထပ်မံဝင်ရောက်စီးနင်းပြီး လူငယ်အမျိုးသားတစ်ယောက်ကို သတိမေ့မြောသွားသည်အထိ ရိုက်နှက်ခဲ့သောကြောင့် ဆေးရုံတင်လိုက်ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့(စစ်ကောင်စီ) ဝင်ရောက်လာတာကို ကြောက်လို့ထွက်ပြေးတာ။ အဲတာကို ပြန်ဖမ်းမိပြီး ရိုက်ခံရတဲ့ ပုံစံဟုတ်တယ်။ နောက်မှ အိမ်မှားတယ်ဆိုပြီး ပြန်ထွက်သွားတာ”ဟုပြောသည်။

အဆိုပါနေအိမ်မှ ဖုန်းငါးလုံးနှင့် ပိုက်ဆံ ခုနှစ်သိန်းကိုလည်း လုယူသွားကြောင်း သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြောင်းမဲ့ ဝင်ရောက်စီးနင်းကာ ရိုက်နှက်မှုများပြုလုပ်နေခြင်းကြောင့် ဒေသခံများက ကြောက်လန့်ကာ စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့သည့် နောက်နန်းကျေးရွာအုပ်စုသည် ကျေးရွာပေါင်း ကိုးရွာရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု တစ်ထောင်ကျော်ရှိကာ လူဦးရေ ခုနှစ်ထောင်ကျော်နေထိုင်ကာ မြစ်ကြီးနား – ပူတာအိုကားလမ်းမဘေးတွင် တည်ရှိသော ကျေးရွာများဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၅ ရက်က မြစ်ကြီးနားမြို့နယ် နောင်နန်းအုပ်စု ရှစ်မိုင်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းသို့ ဝင်ရောက်စီးနင်းကာ အလှူသေတ္တာများ ရိုက်ဖျက်သွားကြောင်းသိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – The 74 Media (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ