ဝိုင်းမော်မြို့၊ မြို့မရပ်ကွက်ရှိ ကက်သလစ်အသင်းတော်ဘုရားကျောင်းဝင်းအတွင်းရှိ အဆောက်အအုံတစ်လုံး ယမန်နေ့ည ၁၁ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

ဘုရားကျောင်းဝင်းအတွင်းရှိ ဆရာများနေထိုင်သည့် နှစ်ထပ်အဆောင်တစ်လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဘုရားကျောင်း‌အနီးနေထိုင်သည့် ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မီးပျက်သွားတာနဲ့ ဘုရားကျောင်းနားမှာနေတဲ့ ကျွန်တော့်သူငယ်ချင်းဖုန်းဆက်လာတယ် မီးလောင်နေတယ်ဆိုပြီး သွားကြည့်တဲ့အချိန် မီးကတော်တော်လောင်နေပြီ။ ဘယ်လိုစဖြစ်တာလဲဆိုတာတော့ တိတိကျကျမသိဘူး ရုံးလည်းဟုတ်တယ်၊ ဘုန်းတော်ကြီးနဲ့ ဆရာတွေလည်းနေတယ်လို့သိရတယ်” ဟုသူကပြောသည်။

နာရီဝက်ခန့်ကြာ မီးလောင်ခဲ့ပြီး မီးသတ်ကားသုံးစီးနှင့် စည်ပင်ရေကားနှစ်စီးက လာရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သူကဆက်ပြောသည်။

“အဆောင်ကတော့ အရမ်းကြီးပြာကျတဲ့အထိမဟုတ်ဘူး။ ဘုရားကျောင်းဘက်တောင် မီးနည်းနည်း ကူးသွားတယ်။ ကျွန်တော်သိရသလောက်တော့ ထိခိုက်ဒဏ်ရာရတာတွေမရှိဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်က မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် လူနေထိုင်ခြင်းမရှိသည့် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း –  Pan Soon

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ