ဖဲဝိုင်းနှင့် မူးယစ်ဆေးရောင်းနေသည်ဟုဆိုသော စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှ နေအိမ်နှစ်အိမ်ကို မျက်နှာဖုံးစွပ် အမည်မသိလူများက ဓားပြတိုက်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကျော်ဇေယျာရပ်ကွက်၊ အာကာမောင်မုန့်တိုက်အနီး ဖဲဝိုင်းထောင်ထားသည့် နေအိမ်ကို အမည်မသိလူဆယ်ဦးကျော်က ဓားပြတိုက်သွားကြောင်း Kawlin Info ၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“မျက်နှာဖုံးစွပ်ထားတယ်တဲ့။ ငွေသိန်းတစ်ရာနဲ့ ရွှေ၊ ဖုန်းပါသွားတယ်။ အဲ့အိမ်က ရဲစခန်းနဲ့နီးနီးလေး။ ဖဲဝိုင်းရှိတယ်ဆိုတာ အခုမှသိတာ။ ဝင်စီးခံရတယ်ဆိုမှပဲ” ဟုပြောသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း ကောလင်းမြို့နှင့် နှစ်မိုင်အကွာ ကျွန်းလှခုံကျေးရွာရှိ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေသည်ဟုဆိုသော နေအိမ်ကို အမည်မသိလူတစ်စုက ဓားပြတိုက်သွားကြောင်း ကောလင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မူးယစ်ဆေးအကြီးအကျယ်ရတယ်။ ရောင်းနေတာကြာပြီ။ အဲ့မှာ စစ်သားတွေ၊ ရဲတွေအများကြီး လိုင်းကြေးယူနေကြတာ” ဟုပြောသည်။

ဓားပြတိုက်ဖြစ်စဉ် နှစ်ခုကို မည်သည့်အဖွဲ့အစည်း (သို့) မည်သူတို့က ကျူးလွန်သည်ကို မသိရှိရသေးကြောင်း သူကပြောသည်။

ထို့အပြင် ဈေးရုံ ဗိုလ်တဲရပ်ကွက်တွင်နေထိုင်သည့် ချဲရောင်းသည့် ဒေါ်မာဆိုသည့် အမျိုးသမီးသည် ယမန်နေ့က လုယက်ခံရကြောင်းလည်း သိရသည်။

ဓားပြတိုက်မှုနှင့် လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် ကျော်ဇေယျာရပ်ကွက်တွင် ကောလင်းမြို့မရဲစခန်းတည်ရှိပြီး စစ်ကောင်စီတပ်က အဆိုပါရဲစခန်းတွင် တပ်စွဲထားကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကောလင်းမြို့နယ်အတွင်း လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့်နေရာများမှာ ပိုမိုများပြားလာကြောင်းဒေသခံများထံမှသိရသည်။

၂၀၁၉ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် လူဦးရေတစ်သိန်းငါးသောင်းကျော် နေထိုင်သည်။

သတင်း – Yu San

ဓါတ်ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ