ဖေစ့်ဘုတ်လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ပြည်တွင်းလေယာဉ်လက်မှတ်များ ရောင်းချသည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။

ပြည်တွင်းလေယာဉ်လက်မှတ်အရောင်းဌာနဟုခေါ်သော ဖေစ့်ဘုတ်စာမျက်နှာ (Facebook Page)သည် လေယာဉ်လက်မှတ်များကို လွယ်ကူမြန်ဆန်မှုနှင့် ဈေးနှုန်းမှန်ကန်စွာလက်မှတ်ဖြတ်ပေးမည်ဟုဆိုကာ ငွေ လေးသိန်းကျပ်ခန့် လိမ်လည်သွားကြောင်း ငွေကြေးလိမ်လည်ခံရသည့် မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“သူက လေယာဉ်လက်မှတ်ဖြတ်ပေးမယ်တဲ့ ပြီးတော့ ပိုက်ဆံလွှဲခိုင်းတာ။ မှတ်ပုံတင်တွေ နာမည်တွေရော အကုန်တောင်းတယ်။ နှစ်ယောက်စာကို အရင်လွဲတယ်။ တစ်ယောက်စာ လိုနေတဲ့အချိန် အကုန်လုံးလွဲပြီးမှပဲ ဖြတ်ပေးမယ်ဆိုပြီး အတင်းပြောတော့။ သုံးယောက်စာ Kpayနဲ့ လွဲပြီးတာနဲ့ ဖုန်းကလည်း မကိုင်ပေးကြတော့ဘူး” ဟု ပြောသည်။

KBZ Pay မှ တစ်ဆင့် ငွေကြေးပေးဆောင်ပြီးသည်နှင့် ဖုန်းခေါ်ဆိုမှုအပြင် ကာယကံရှင်၏ ဖေစ့်ဘုတ်စာမျက်နှာကိုလည်း ပိတ် (ဘလော့ – Block) လိုက်ကြောင်း သူက ဆက်ပြောသည်။

The 74 Media က အဆိုပါဖေစ့်ဘုတ်ပေ့ချ်ကို ဖုန်းခေါ်ဆိုရာတွင် အမျိုးသမီးနှင့် အမျိုးသားနှစ်ဦးက ဖုန်းလက်ခံဖြေဆိုခဲ့ပြီး KBZ pay အကောင့်ကို စုံစမ်းစစ်ဆေးကြည့်ရာ Mg Thu Thu Aung ဆိုသည့် အကောင့်နာမည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

အလားတူ မန္တလေးအခြေစိုက် Travel and Tour ကုမ္ပဏီတစ်ခုသည်လည်း အဆိုပါဖေစ့်ဘုတ်ပေ့ချ်ထံမှ လေယာဉ်လက်မှတ်ဝယ်ယူမိသောကြောင့် ငွေကျပ် သုံးသိန်းကိုးသောင်းတစ်ထောင် လိမ်လည်ခံလိုက်ရကြောင်း အဆိုပါကုမ္ပဏီပိုင်ရှင်က ပြောသည်။

“ခရီးသည်က အမြန်သွားချင်တယ်ဆိုတော့ ဝယ်နေကျလူတွေကလည်း နှစ်ရက်နေ့မှ ရမယ်ဆိုတာနဲ့။ လိုင်းပေါ်ကရှာပြီး အမှန်တော့ ယုံမှားသွားသလိုမျိုးဖြစ်သွားပြီး ဝယ်လိုက်မိတာပေါ့။ AIR KBZ လက်မှတ်ဖြတ်မယ်ပြောတော့ အဲ့ဒါက မရတော့ဘူး။ MNA ပဲရမယ် ဈေးပိုပေးရမယ်ပြောလို့။ အဲ့လက်မှတ်ဝယ်မယ်ဆိုပြီး ပိုက်ဆံလည်းနှစ်ခါလွှဲပြီးရော ဘလော့(block)သွားတယ်” ဟု ပြောသည်။

Travel and Tour မန္တလေးအခြေစိုက်ကုမ္ပဏီက ငွေလွှဲပေးလိုက်သည့် KBZ Pay အကောင့်ပိုင်ရှင်သည် Mg Thu Thu Aung အကောင့်နာမည်သာဖြစ်နေသည်။

အဆိုပါ ဖေ့စ်ဘုတ်ပေ့ချ်သည် ဖုန်းနံပါတ် 09676952697၊ 09254405162၊ 0966780705၊ 09667880705၊ 09662336558 စသည့် ဖုန်းနံပါတ်များကို အကြိမ်ကြိမ် ပြောင်းလဲပြီးအသုံးပြုကာ ငွေကြေးလိမ်လည်မှုပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် ငွေကြေးလိမ်လည်နေသည့် ပြည်တွင်းလေယာဉ်လက်မှတ်အရောင်းဌာန ( https://www.facebook.com/profile.php?id=100086340131560… ) ဟုခေါ်သော ဖေ့စ်ဘုတ်ပေ့ချ်သည် ကြိုက်နှစ်သက်သူ (Like) ခြောက်ထောင်နှင့် စောင့်ကြည့်သူ (Follower) တစ်သောင်းကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ဖွင့်လှစ်ထားသော ဖေ့စ်ဘုတ်ပေ့ချ်တစ်ခုဖြစ်သည်။

လေယာဉ်လက်မှတ်များရောင်းချသည်ဟုဆိုကာ ငွေကြေးလိမ်လည်နေသည့် ဖေ့စ်ဘုတ်ပေ့ချ်ကဲ့သို့ နောက်ဆုံးပေါ် ဖုန်းနှင့်လူသုံးကုန်ပစ္စည်းများကို အရစ်ကျရောင်းချမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုသည့် ဖေ့စ်ဘုတ်ပေ့ချ်နှင့် ချေးငွေလျောက်ထားနိုင်သည်ဆိုကာ ငွေကြေးလိမ်လည်နေသည့် ဖေ့စ်ဘုတ်ပေ့ချ်များလည်းရှိနေကြောင်းသိရသည်။

သတင်း – Ma Di

ဓါတ်ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ