လူငါးဦးစီးနင်းလိုက်ပါလာသည့် အိမ်စီးကားတစ်စီး ဥရုချောင်းထဲပြုတ်ကျမှု ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေထဲပြုတ်ကျသဖြင့် ထိခိုက်ဒဏ်ရာရရှိသူရှိနိုင်ခဲ့သည်ဟု အဆိုပါကျေးရွာနေ အသက်၂၆ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက The 74 media ကိုပြောသည်။
“ညတုန်းကကျတာ။ KTV က ပြန်လာတာလို့ ပြောကြတာပဲ နည်းနည်းပါးပါး ထိခိုက်တာတော့ရှိလောက်တယ်။ ခေါင်မိုးမှာလဲ သွေးတွေနဲ့ ကားနံပါတ်လဲမပါဘူး။ ကရိန်းတွေတော့ရောက်နေပြီ။ နီးစပ်ရာဆေးခန်းတွေမှာ သူတို့ဟာ သူတို့သွားလိုက်ကြတာနေမှာပေါ့” ဟုပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ တိုယိုတာ မတ်ခ်တူး (Mark 2) အမျိုးအစားကားဖြစ်ကို ကရိန်းကားဖြင့် ဆွဲတင်နေကြောင်း အသက် ၅၀ ကျော်ခန့်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ခုဆွဲတင်နေကြတယ် ကရိန်းကားနဲ့ အဲ့မှာရောက်နေပြီ။ ရေထဲမှာ ပေါလောပေါ်နေတာ မှန်တွေကတော့ မရှိတော့ဘူး ခုမှဆယ်ဖို့လုပ်နေကြတယ်။ လူကတော့ မရှိနေဘူး” ဟုပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု မှော်စီစာကျေးရွာတွင် လင်ခရူဇာကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
သတင်း – Nan Non
ဓါတ်ပုံ – CJ
သင့်ထင်မြင်ချက်ရေးပေးပါ