ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ဟု စွပ်စွဲဖမ်းဆီးထားသည့် အမျိုးသားတစ်ဦးကို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ စစ်ကောင်စီ စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အင်းတော်မြို့နယ်၊ ကမ်းနီကျေးရွာမှ အသက် ၂၆ နှစ်အရွယ် ကိုမင်းမင်းဦး (ခ) ကိုလမင်းဆိုသူကို ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“သူ့မိသားစုက သွားတွေ့တာ ဝင်ခွင့်မပေးဘူး။ ခုချိန်ထိ တွေ့ခွင့်ကိုမပေးဘူးတဲ့။ အဲ့ကနေ အချုပ်ကျပြီး ပြန်လွတ်တဲ့သူတွေပြောတာ ရိုက်စုတ်ထားတာ၊ ဖူးယောင်လို့တဲ့ မျက်နှာက၊ လောလောဆယ်အနီးဆုံးကတော့ ကသာထောင်ကို အရင်ပို့မှာတဲ့” ဟုပြောသည်။

ကိုမင်းမင်းဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်က PDF ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Indaw Revolution IR ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“PDF မဟုတ်ပါဘူး။ သူ့ဟာသူ တောထဲ မီးသွေးသွားဖုတ်တာပါ။ ဘာမှမပါဘူး။ တောထဲကလာတာဆိုတော့ ညစ်စုတ်ပတ်စုတ်မို့ ဖမ်းလိုက်တာ။ သင်တန်းတက်ဖူးတာလည်း မရှိပါဘူး” ဟုပြောသည်။

ပုဒ်မ ၅၀ (ည) ဆိုသည်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေတစ်ခုဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း အင်းတော်မြို့တွင် အသံတိတ်သပိတ် (Silent strike) ဓာတ်ပုံရိုက်သည့် အမျိုးသားတစ်ဦးကို ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – Fifty Two

သင့်ထင်မြင်ချက်ရေးပေးပါ