ကေအိုင်အေထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကိုတွေ့ရစဉ် (ပုံဟောင်းဖြစ်သည်)

ကန့်ကွက်မှုများ အပြင်းအထန်ရင်ဆိုင်နေရသော မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတည်ရှိရာ မံစီမြို့နယ်၊ ဒိန်ဆိန်းပါကျေးရွာသို့ သွားသည့်လမ်းတစ်လျှောက်တွင် ကေအိုင်အေစစ်ဆေးရေးဂိတ်များက စစ်ဆေးမှုတင်းကြပ်နေကြောင်း သိရသည်။

အင်ဘာပါ – လွယ်ဂျယ်လမ်းရှိ ခါနန်ဂိတ်နှင့် မံစီ – အင်ဘာပါလမ်းရှိ ဂျန်မိုင်ဂိတ်တွင် ယမန်နေ့မှစတင်ကာ လမ်းသွားလမ်းလာပြည်သူများ၏ နိုင်ငံသားစီစစ်ရေးကဒ်နှင့် လွယ်အိတ်များကို စစ်ဆေးပြီး မှတ်တမ်းများ ယူထားသည်ဟု အင်ဘာပါကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မြေရှားတူးတဲ့ကုမ္ပဏီတွေကို နောက်ဆုံးထွက်သွားဖို့ သတိပေးထားတာဆိုတော့ သူတို့(ကေအိုင်အေ) အရမ်းသတိထားပြီးနေတာပေါ့။ အရင်တုန်းက ဘာမှမစစ်ဘူး၊ သူတို့မီဒီယာကြောက်တာလည်းပါမှာပေါ့။ ဘယ်ကသူစိမ်းတွေ ဝင်လာလည်းဆိုတာ မှတ်တမ်းယူထားတယ်လို့ မြင်တယ်” ဟုသူကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က မြေရှားသတ္တုတူးဖော်ရေးကန့်ကွက်ကော်မတီဝင် ၄၃ ဦးက လက်မှတ်ရေးထိုးထားသော ကန့်ကွက်စာကို သက်ဆိုင်ရာဌာနများသို့ တင်ပြခဲ့သော်လည်း ဇန်နဝါရီ  ၁၀ ရက်ကတွေ့ဆုံပြီး ကေအိုင်အိုအစိုးရဗဟိုဌာနချုပ်၏စီမံချက်ဖြစ်သောကြောင့် ဗဟိုဌာနချုပ်သို့ ဆက်လက်တင်ပြမည်ဟု ဗန်းမော်ခရိုင်ဌာနချုပ် အတွင်းရေးမှူးကပြောကြောင်းသိရသည်။

မြေရှားသတ္တုတူးဖော်ရေးကန့်ကွက်ကော်မတီဝင်အချို့နှင့် ကေအိုင်အိုဗဟိုဌာနချုပ်မှ ကော်မတီဝင်အချို့တို့ ဇန်နဝါရီလ ၂၁ ရက်နေ့က လိုင်ဇာမြို့တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ချိန် ဒု-ဗိုလ်ချုပ်ကြီးဂွမ်မော်က ဗဟိုကော်မတီအတွင်း ညှိနှိုင်းဆွေးနွေးပြီးမှ အကြောင်းပြန်လာမည်ဟု ပြောဆိုထားသည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ကြောင်း မြေရှားတူးဖော်ရေးလုပ်ငန်း ကန့်ကွက်ရေးကော်မတီဝင်တစ်ဦးကပြောသည်။

“ဗဟိုဌာနချုပ်စီမံချက်ဆိုတာက ကျွန်တော်တို့ကြားရတာက ရိုးသွားပြီ။ ဌာနချုပ်စီမံချက်ဖြစ်တယ်ဆိုတဲ့ ဒီစကားက ဌာနချုပ်က ကော်မတီဝင်တွေ အားလုံးသဘောတူပြီး တူးတာမဟုတ်ဘူး။ ဒီမြေရှားတူးဖော်မယ့်ကိစ္စကို ဗဟိုဌာနချုပ်က ကော်မတီဝင်တချို့တောင် မသိဘူးဆိုတော့ သူတို့လိမ်နေတာ အသိသာကြီးလေ” ဟုပြောသည်။

မြေရှားသတ္တုတူးဖော်ရေး တရုတ်ကုမ္ပဏီဝင်းများတွင် ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် ရဲများက အလှည့်ကျ ကင်းလှည့်ကာ လုံခြုံရေးယူစောင့်ကြည့်နေပြီး ယနေ့မှစတင်ကာ အင်အားတိုးချဲ့လာမည်ဟု ကြားသိရကြောင်း သူကဆက်ပြောသည်။

အဆိုပါအစည်းအဝေးပြုလုပ်ပြီးနောက် ဗဟိုဌာနချုပ်ကော်မတီမှ အဖွဲ့ဝင်သုံးဦးခန့် ကွင်းဆင်းကာ ဒိန်ဆိန်းပါဒေသသို့ နှစ်ကြိမ် လာရောက်ကြည့်ရှုသော်လည်း ဒေသခံများနှင့် ဆွေးနွေးတွေ့ဆုံခြင်းမရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဒိန်ဆိန်းပါဒေသအနီးရှိ ကျေးရွာကိုးရွာမှ ဒေသခံပြည်သူများနှင့် ကေအိုင်အိုအစိုးရလက်အောက်ရှိ ဗန်းမော်မြို့နယ်ကော်မတီဝင်များ တွေ့ဆုံရာတွင် ကေအိုင်အိုအစိုးရ၏ မြေရှားသတ္တုတူးဖော်ရေးစီမံချက် ထုတ်ပြန်စာကို ဗန်းမော်မြို့နယ်ကော်မတီဝင်တစ်ဦးက ကိုယ်စား ဖတ်ကြားခဲ့သည်။

ကေအိုင်အိုအစိုးရက မြေရှားသတ္တုတူးဖော်ခြင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ခဲ့သောစာတွင် “ကေအိုင်အိုအစိုးရက ဤဒေသရှိ မြေရှားသတ္တုတူဖော်ရေးလုပ်ငန်းစီမံချက်ကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ယခုမှ စတင်လုပ်ကိုင်မည်မဟုတ်။ အဆိုပါလုပ်ငန်းကို မည်သူမှကန့်ကွက်ခွင့်ခြင်းမပြုလုပ်ရ ကန့်ကွက်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်” ဟုရေးသားဖော်ပြထားသည်။

ဒေသခံပြည်သူများ ပြင်းထန်စွာ ကန့်ကွက်နေသည့်အကြား ကေအိုင်အိုအစိုးရ၏ ဗဟိုဌာနချုပ်စီမံချက်စီမံကိန်း ဟုတ်၊ မဟုတ်ကို စုံစမ်းမေးမြန်းရန် ကေအိုင်အေသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

ဒိန်ဆိန်းပါဒေသတွင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း ရပ်တန့်သွားခြင်းမရှိပါက လာမည့်မတ်လတွင် ကချင်ပြည်နယ်ရှိ ဒေသအသီးသီးမှ ပြည်သူလူထုများ စုဖွဲ့မှုပြုလုပ်ကာ အင်အားအလုံးအရင်းဖြင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ -၂၄ ရက်အတွင်း ဆွမ်ပရာဘွမ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၅) ကြိမ်မြောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ စီမံအုပ်ချုပ်ရေးဆ်ိုင်ရာအစည်းအဝေးတွင် သဘောတူညီမှုများ ရရှိထားကြောင်း အစည်းအဝေးတက်ရောက်သူများထံမှ သိရသည်။

အင်ဘာပါကျေးရွာရှိ ဒေသခံများသည် ကေအိုင်အိုအစိုးရကို မိမိ၏အစိုးရအဖြစ် ခံယူထားသောကြောင့် ဒေသအတွင်းဖြစ်ပေါ်နေသော မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း ရပ်တန့်သွားရန် တာဝန်ယူလုပ်ဆောင်စေလိုပြီး ဒေသခံများက ထိုလုပ်ငန်းမရပ်တန့်မချင်း ဆက်လက်ဆန္ဒထုတ်ဖော်ကန့်ကွက်နေမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါတရုတ်ကုမ္ပဏီများမှာ မြေရှားသတ္တုတူးဖော်ရန် မြေများကို စမ်းသပ်မှု ပြုလုပ်မည်ဟုဆိုကာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က ဒိန်ဆိန်းပါကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံသည် မြေရှားသတ္တုတင်ပို့မှုတတိယအများဆုံးနိုင်ငံဖြစ်ပြီး အဆိုပါသတ္တုတူးဖော်မှုများကို ကချင်ပြည်နယ်ရှိမြို့နယ်အချို့တွင် တရားမဝင်တူးဖော်ကာ တရုတ်နိုင်ငံသို့အဓိက တင့်ပို့ကြသည်။

သတင်း –  Pan Soon

ဓါတ်ပုံ – The 74 Media

 

သင့်ထင်မြင်ချက်ရေးပေးပါ