ဖားကန့်မြို့နယ် ဒွန်ဘုန်းခကျေးရွာနှင့် နမ္မတီးမြို့ကြား လမ်းပိုင်းတစ်နေရာတွင် ယမန်နေ့ မွန်းလွှဲ လေးနာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ခရီးသည်ယာဉ်အမျိုးအစား တိုယိုတာ ခရောင်းကားအဖြူရောင်နှင့် တုန်ဟုန်းကားတို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟု လူမှုကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“မျက်နှာချင်းဆိုင်တိုက်ကြတာ။ တစ်ဖက်က တက္ကစီဆွဲတဲ့ကား၊ တစ်ဖက်ကတော့ သစ်တင်တဲ့ကား။ တစ်ယောက်ကတော့ မျက်နှာဒဏ်ရာပြင်းထန်ရတယ်။ မျက်နှာက မေးရိုးကျိုးသွားတာလေ။ မေးရိုးဆိုတာက ဒီမေးစေ့အရိုးက နှစ်ခြမ်းကွဲသွားတာ။ တစ်ယောက်က ကားသမား သူကကျတော့ တင်ပါးဆုံအရိုး ကျွံသွားတယ်” ဟု ပြောသည်။

ခရီးသည်တင်ကားတွင် စီးနင်းလာသော အသက် ၄၄ နှစ်အရွယ် မဌေးဌေးရီ နှင့် ယာဉ်မောင်း  အသက် ၂၈ နှစ်အရွယ်ခန့် ကိုရဲမင်းထွန်းတို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး တုန်ဟုန်းကား ယာဉ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သူက ဆက်ပြောသည်။

ဦးခေါင်းထိခိုက်ဒဏ်ရာနှင့် သတိမေ့မြောနေသော မဌေး‌ဌေးရီသည် အသက်အန္တရာယ်စိုးရိမ်နေရပြီး ယာဉ်မောင်းနှင့် ၎င်းတို့နှစ်ဦးမှာ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူနေသည်ဟု ဆေးရုံတွင်ကူညီစောင့်ရှောက်နေသူတစ်ဦးက ပြောသည်။

“သူက(မဌေး‌ဌေးရီ) တာချီလိတ်ကနေ မြစ်ကြီးနားတက်တာ။ မြစ်ကြီးနားကနေ နန့်ယား(ရွာ)ပြန်တက်တဲ့ချိန် ကားကို အော်ဒါတင်ခေါ်သွားတာ။ အဲ့ချိန်မှာ အက်ဆီးဒင့်ဖြစ်တာပေါ့။ အမျိုးသမီးကတော့ ခုထိ လုံးဝသတိမရလာသေးဘူး။ ဆရာဝန်တော့ နည်နည်းအသက်အန္တရာယ်စိုးရိမ်ရတယ်လို့ပြောတယ်” ဟု ပြောသည်။

လက်ရှိတွင် တုန်ဟုန်းကား ယာဉ်မောင်းအမျိုးသားကို မိုးကောင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း မိုးကောင်းမြို့နယ် နမ္မတီးမြို့နှင့် မရမ်းကျေးရွာကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – လူမူကုညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ