စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ယနေ့နံနက် ၇ နာရီခန့်မှစတင်ကာ ဒေသခံပြည်သူတို့၏ နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အင်အား ၁၂၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ကုန်းရွာကျေးရွာကို ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးကာ ရွာမှထွက်ခွာသွားသည်ဟု မဟူတောင်ဒေါင်းနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကြောင်းမထွက်ခင်မီးရှို့သွားတယ်။ အခုတော့မီးခိုးမမြင်တော့ဘူးဗျ ငြိမ်းသွားပြီထင်တယ်။ နေအိမ်ဘယ်လောက်ပါသွားတယ်ဆိုတာ ရွာထဲဝင်လို့မရသေးလို့ မသိရသေးဘူးဗျ” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်း ယမန်နေ့ ညနေက ကုန်းရွာကျေးရွာသို့ ဝင်ရောက်လာချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ရွာမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့က သူတို့မိုင်းဆွဲခံရတယ်။ ရွာကိုရောက်လည်းရောက်ရော မီးရှို့တာ။ ရဲဘော်နဲ့ ရွာသားတွေ မီးငြိမ်းနေကြ ပြီ။ အသက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကမဝင်သေးဘူး။ ရွာကြီးဆိုတော့ ရွာလုံးကျွတ်မပါသွားလောက်ဘူး။” ဟုပြောသည်။

ကုန်းရွာတွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသည့် ယမန်နေ့ညနေနှင့် စစ်ကြောင်းပြန်ထွက်ခွာသွားသည့် ယနေ့နံနက်တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ် တာဝကျေးရွာတွင် ဖေဖော်ဝါရီ ၂၂ ရက်က စစ်ကောင်စီတပ်က ကျေးရွာအတွင်း သေနတ်ရမ်းသမ်ပစ်ခတ်ကာ ဝင်လာသောကြောင့် အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကုန်းရွာသည် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၉၅၀ ခန့်ရှိပြီး လူဦးရေ လေးထောင်ကျော်ခန့် နေထိုင်ကြောင်း သိရသည်။

သတင်း – Pu Noi Tsawm

ဓာတ်ပုံ – မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုံဟောင်းဖြစ်သည်။)

သင့်ထင်မြင်ချက်ရေးပေးပါ