ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာအုပ်စုတွင် ယနေ့နံနက် ၈ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကမ်းနဘေးတွင် အလုပ်လုပ်နေသော ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

အင်အား ၁၀၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းက တိုင်လွမ့်ကျေးရွာအနီးသို့ ရောက်ရှိလာသောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု ဟိုကပ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဟိုကပ်အထက်ဘက် တိုင်လွမ့်ဘေးပတ်ဝန်းကျင်ဘက်မှာပဲ။ သူတို့က မနေ့ကတည်းက ဖရောကနေ ဆင်းလာကြတာ ကားလမ်းတစ်လျှောက် တိုင်း(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)ကနေ ဆင်းလာတာထင်တယ်။ အရမ်းတော့ မကြာဘူး” ဟုပြောသည်။

နာရီဝက်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုင်လွမ့်ကျေးရွာက ဒေသခံပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သူကဆက်ပြောသည်။

“သူတို့က ပုန်းရှောင်နေကြတယ် တောထဲမှာတွေ။ ရေကနေလည်း သွားလို့မရ ကုန်းကနေလည်း ဘယ်သူမှ လာမကြိုပေးတော့ အဲ့မှာပုန်းနေကြတယ်ဆိုပြီး ပြောနေကြတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မလိဇွပ်ကျေးရွာအနောက်ဘက်ရှိ ဒေသအခေါ်တောင်ပြောင်မှ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အဆိုပါစစ်ကောင်စီစစ်ကြောင်းက တိုင်လွမ့်ကျေးရွာရှိ ဧရာဝတီမြစ်ကမ်းအနီးတွင် အလုပ်လုပ်ကိုင်နေသူများနှင့် လယ်သမားများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက‌ ပြောသည်။

“အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ လယ်သမားတွေကို လူသာဒိုင်းပုံစံမျိုးခေါ်သွားတယ်လို့လည်းပြောတယ်။ အကုန်လုံးနီးပါးခေါ်သွားတယ်လို့ပဲကြားတာ အဲ့မှာအလုပ်လုပ်နေတဲ့ သူတွေကို။ မနက်တုန်းက အဲ့ဒီရွာမှာ ခဏလေးပဲဖြစ်လိုက်တယ်။ ပြီးတော့ ညနေပိုင်းမှာပြန်ကြားတယ်။ တစ်ဖက်ထဲ ပစ်တဲ့အသံမျိုးပေါ့နော် လက်နက်ကြီး အပြန်အလှန်ပစ်တဲ့ ပုံစံမျိုးတော့မဟုတ်ဘူး” ဟုပြောသည်။

မြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာ၊ တာမဒေါင်းကျေးရွာ၊ ရေကြည်ကျေးရွာ၊ တိုင်လွမ့်ကျေးရွာ၊ ကောင်ရာကျေးရွာတို့သည် ၂၀၁၁ ခုနှစ်က မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ကြား ဖြစ်ပွားခဲ့သည့် တကြောင့်ပြန်စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အဆိုပါဒေသမှ စစ်ရှောင်ပြည်သူများက ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်နေ့က မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းမှ မူလနေရပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှ ချီဖွေမြို့နယ်သို့သွားသည့် လမ်းပိုင်းတွင်လည်း ဖေဖော်ဝါရီ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Nan non

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ