စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ ညနေ ၃ နာရီခွဲခန့်မှ စတင်ကာ ဖားကန့်မြို့ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာအတွင်း တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေမှုများ ပြုလုပ်ပြီး ပြည်သူ ၁၃၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အင်အား ၅၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူတို့၏ နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ပြီး ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာထိပ်မှာကတစ်ဖွဲ့စစ်တယ် ရွာထဲကိုကတစ်ဖွဲ့ဝင်ပြီး အိမ်တွေမှာလိုက်စစ်နေတာ အိမ်ရှင်တွေကို အိမ်ရှေ့ထွက်ခိုင်းပြီး လက်မြောက်ခိုင်းတယ်။ ပြီးတော့ သူတို့ခေါ်ချင်တဲ့သူကို ဖမ်းခေါ်သွားတာ ရှင်လောင်းပွဲလုပ်နေသလိုပဲ ဆန်းကြွယ်(ရွာ)တောင်ထိပ်ကိုခေါ်သွားတာ” ဟုသူကပြောသည်။

လက်ရှိဖမ်းဆီးခံထားသူ ၁၃၀ ဦးခန့်မှာ အမျိုးသားများဖြစ်ပြီး ယောက်ျားလေးလူငယ် အများဆုံးပါဝင်ပြီး ရပ်ကွက်လူကြီးများလည်းပါရှိကြောင်း ဖမ်းဆီးခံခဲ့ရသည့် အသက် ၅၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး၏ မိသားစုဝင်က ပြောသည်။

“အိမ်ထဲလာဝင်စစ်တာ ဘာကိုစစ်လို့စစ်မှန်းလည်း မသိရဘူး။ ပြီးတော့ မင်းလိုက်ခဲ့ ဘာအကြောင်းပြချက်မှ မလိုချင်ဘူးလို့ပြောပြီး ခေါ်သွားတယ်။ ဘာမှတွေ့တာလည်း မဟုတ်ဘူး။ ရွာထဲကလူကြီးတချို့ကိုလည်း ဖမ်းခေါ်သွားတယ်။ ဘာအဆက်သွယ်မှမရသေးဘူး” ဟုသူကပြောသည်။

ဖမ်းဆီးခံရသူများကို ဖားကန့်မြို့ ဆန်းကြွယ်ကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များပစ်ဖောက်ကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သောကြောင့် တပ်သားစုဆောင်းရေးအဖြစ် ခေါ်ဆောင်သွားမည်ကို စိုးရိမ်နေကြောင်း ရပ်ကွက်နေအခြားဒေသခံတစ်ဦးက ပြောသည်။

“အခုကနှစ်ဖက်ညှပ်ပြီး စစ်နေတာဗျ။ ရွာပြင်ထွက်မယ်ဆိုလည်း သူတို့ကရွာထိပ်မှာ စစ်နေသေးတာ။ သေနတ်တွေပစ်ဖောက်နေတာ ခုထိမတိတ်သေးဘူး လူသစ်စုဆောင်းချင်တဲ့ပုံစံနဲ့လာတာ” ဟုပြောသည်။

ဖားကန့်မြို့ ရှရော်ခကျေးရွာ၊ မဲ့လင်ချောင်ကျေးရွာ၊ မှော်မောင်းလျှံကျေးရွာနှင့် ဘလခမှော်တို့တွင် လှည့်လည်သွားလာနေသော စစ်ကောင်စီစစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် မနကျေးရွာနှင့် စပျစ်ကူးကျေးရွာတို့မှ ဒေသခံပြည်သူ ၇၀ ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သတင်း – SK

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ