မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နှင့် မိုးကောင်းမြို့နယ် နမ္မတီး – မြစ်ကြီးနားကားလမ်းတွင် ယနေ့ မွန်းလွှဲပိုင်းက ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွားခဲ့ပြီး အသက် ၂၀ အရွယ်ခန့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံနယ်မြေ ကက်သလစ်ဘုရားကျောင်းရှေ့တွင် အမှိုက်သယ်စည်ပင်သာယာကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး ယနေ့ မွန်းလွဲ သုံးနာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကားက ဘယ်လို တိုက်တာလည်းတော့မသိဘူး။ ဒါပေမဲ့ မျက်နှာချင်းဆိုင်တိုက်တာတော့ မဟုတ်လောက်ဘူး။ ဘေးချင်းချိန်ပြီးဖြစ်သွားတာထင်တယ်။ လူနာကတော့ နေရာမှာပဲ ဆုံးသွားတယ်။ နောက်စေ့ကွဲသွားတယ်။ နဖူးပိန့်သွားတာပေ့ါ။ ပွင့်သွားတာမျိုးတော့မဟုတ်ဘူး။ အထဲမှာ အရိုးတွေကြေပြီး ပိန့်သွားတာ” ဟု ပြောသည်။

သေဆုံးသွားသော အမျိုးသားကို ပိုင်ရှင်မဲ့အလောင်းအဖြစ် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပြီး မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးပါ။

အလားတူ မိုးကောင်းမြို့နယ် နမ္မတီး – မြစ်ကြီးနားကားလမ်းရှိ ၂၁ မိုင်ဂိတ်အနီးတွင် ဆီးဘောက်ဆာကားနှင့် ရွှေတနိုင်းယာဉ်လိုင်းမှ Probox ကားတို့ ယနေ့ မွန်းလွှဲ လေးနာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကားနှစ်စီးက ပြိုင်မောင်းကြပြီးတော့ တစ်စီးနဲ့တစ်စီးကျော်တက်တဲ့အချိန် ချိတ်ပြီးဖြစ်သွားကြတာပေါ့။ ဆီဘောက်ဆာကားကတော့ အရှိန်ကြောင့် လမ်းဟိုဘက် မြောင်းဘက်‌ရောက်ပြီးလှဲသွားတာပေါ့” ဟု ဆိုသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်းသူကပြောသည်။

ဖားကန့်မြို့နယ် ဒွန်ဘုန်းခကျေးရွာအနီးတွင် ယမန်နေ့က ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ