ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအနီးတွင် ယမန်နေ့ နံနက် ၁၀နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦးအပါအဝင် လူသုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ညောင်ကိုင်းကျေးရွာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၁၂ ဘီးကားနှင့် ဆိုင်ကယ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးနှင့် ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက The 74 Mediaကို ပြောသည်။

“သားအဖနှစ်ယောက်က ကားလမ်းပေါ်မှာ မှောက်ခုံကြီးလှဲနေတာ။ ခေါင်းမှာသွေးတွေထွက်ပြီး သေနေတာ။ နောက်တစ်ယောက်ကတော့ ဆိုင်ကယ်မှာညှပ်ပြီး သေနေတာ။ သေသွားတဲ့ သုံးယောက်လုံးက ဆိုင်ကယ်စီးခဲ့တဲ့ သူတွေကြီးပဲ။ သုံးယောက်လုံးက ခေါင်းမှာထိပြီးဆုံးသွားတာ။ တခြားနေရာတွေက ဒဏ်ရာမတွေ့ဘူး”ဟု ပြောသည်။

သေဆုံးသူများမှာ ဘီးလူးမြို့၊ အင်းကုန်းကျေးရွာမှ သားအဖဖြစ်သည့် အသက် ၄၀ နှစ်ခန့်အရွယ် ဦးကျော်ဆန်းနှင့် အသက် ၆ နှစ်ခန့်အရွယ် မောင်ကောင်းခန့်ပိုင်တို့ဖြစ်ကြပြီး အခြားအမျိုးသားတစ်ဦးမှာ စစ်ကိုင်းတိုင်း၊ အင်းတော်ဒေသခံတစ်ဦးဖြစ်ကြောင်းသိရသည်။

သေဆုံးသွားသူ ၃ ဦးမှာ ဘီးလူးမြို့မှ အင်းတော်မြို့နယ်သို့ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် ၁၂ ဘီးကားဖြင့် မျက်နှာချင်းဆိုင် တိုက်မိသွားခဲ့ကြောင်း ညောင်ကုန်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မျက်နှာချင်းဆိုင်တိုက်လိုက်တဲ့ သဘောရှိတယ်။ အဲ့အနားကလည်း လမ်းကွေ့လို ဖြစ်နေတာလေ။ အဲ့လမ်းကွေ့ပြီးရင် တောင်တက်တောင်ဆင်းရှိတယ်။ ဒီဘက်ကတက်ရင်လည်း အရှိန်ယူပြီးတက်ရတာ။ ဟိုဘက်ကလည်း တောင်ဆင်းဆိုတော့ အရှိန်များတယ်လေ။ အဲ့လိုကြောင့် အရှိန်များပြီး မထိန်းနိုင်ဖြစ်သွားကြတာ။ တိုက်ပြီး ဆိုင်ကယ်ကတော့ ကြေမွသွားတယ်။  ကားကတော့ လမ်းဘေးဘက်မှောက်သွားတာ”ဟု ပြောသည်။

လက်ရှိတွင် ၁၂ ဘီးကား ယာဉ်မောင်းအမျိုးသားကို မိုးညှင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ညောင်ကိုင်းကျေးရွာသည် မိုးညှင်းမြို့မှ ငါးမိုင်ခန့်ကွာဝေးသည့်ကျေးရွာဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက မိုးညှင်းမြို့ ဒေသအခေါ်‌ရွှေကိုယ်ပိုင်အထက်တန်းကျောင်းအနီးတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်းစွာရရှိခဲ့ပြီး ယာဉ်မောင်း ထွက်ပြေးသွားကြောင်း သိရသည်။

သတင်း – Nan Sandar Aye

ဓါတ်ပုံ – လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ