ဆိုင်ကယ်ကယ်ရီ လိုက်ပို့ရာမှ ပျောက်ဆုံးသွားသည့် ဗန်းမော်မြို့၊ စင့်ကင်ကျေးရွာမှ အသက် ၁၃ နှစ်ခန့် အရွယ်ရှိ ယောက်ျားလေးတစ်ဦး တစ်ပတ်ခန့်ကြာသည်ပျောက်ဆုံးနေကြောင်း သိရသည်။

အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ရွာနှင့် တစ်မိုင်ခန့်အကွာရှိ ငှက်ပျောတောကျေးရွာသို့ လိုက်ပို့ရန် အကူအညီတောင်းသောကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လိုက်ပို့ရာမှ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု အစ်မတော်စပ်သူက The 74 Media ကိုပြောသည်။

“အခုချိန်ထိဘာသတင်းမှ မကြားရသေးဘူး။ သူဆိုင်ကယ်မပါဘူးပေါ့ အခက်အခဲဖြစ်လို့ ကူညီပေးပါဆိုလို့ ကယ်ရီငှားတဲ့ပုံစံနဲ့ လာခေါ်သွားတာ။ ဌက်ပျောတောက ရွာနဲ့နီးနီးလေးလေ အဲ့ဒါကြောင့်အမေက လိုက်ပို့ခိုင်းလိုက်တာ” ဟုသူကပြောသည်။

အကူအညီလာရောက်တောင်းခံခဲ့သည့် အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားမှာ အသားညိုညို၊ အရပ်ရပ်မြင့်မြင့်နှင့် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်အရွယ်အစားရှိသူဖြစ်ကြောင်း သူကဆက်ပြောသည်။

ပျောက်ဆုံးနေသူမှာ အသက် ၁၃ နှစ်ခန့်အရွယ်ရှိ မောင်ရဲရင့်ထွန်းဆိုသူဖြစ်ပြီး ကယ်ရီလိုက်ပို့စဉ် ရှပ်အကွက်လက်ရှည်နှင့် ဘောလုံးဘောင်းဘီအတိုဝတ်ဆင်ထားကာ ရင်ဇင်းတံဆိပ် ၁၂၅ အမျိုးအစား ဆိုင်ကယ်အစိမ်းရောင်နှင့် ဖုန်းတစ်လုံးတို့ဖြင့် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

မောင်ရဲရင့်ထွန်းမှာ အခြားရွာများတွင် မိတ်ဆွေအပေါင်းအသင်းမရှိသူဖြစ်ပြီး သွားတတ်သောနေရာများနှင့် နီးစပ်သောနေရာများတွင် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိသေးကြောင်းသိရသည်။

သက်ဆိုင်ရာသို့ လူပျောက်တိုင်ကြားထားပြီး တွေ့ရှိပါက မိသားစုဝင်များ၏ ဖုန်းနံပါတ် ၀၉၄၄၅၁၅၄၂၉၆ သို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်တွင် မြစ်ကြီးနားမြို့မှ အမျိုးသားတစ်ဦးက လက်သမားအလုပ်လုပ်ကိုင်ရန် ဖားကန့်မြို့၊ မှော်စီစာကျေးရွာသို့ ရောက်ရှိလာပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးခဲ့ကြောင်းသိရသည်။

သတင်း – Pan Soon

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ