စစ်ကောင်စီတပ်က နှစ်ကြိမ်ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခံခဲ့ရသောကြောင့် စခန်းပြန်လည်တည်ဆောက်ရန်နှင့် လက်နက်ခဲယမ်းများ ပြန်လည်စုဆောင်းရန် ငွေကြေးအကူအညီလိုအပ်နေကြောင်း Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့ထံမှသိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က စစ်ကြောင်း ခုနှစ်ကြောင်းဖြင့် Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့၏ စခန်းကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ခေါင်းဆောင်ဒိတ်ဒိတ်က The 74 Media ကိုပြောသည်။

“လုံးဝအငိုက်ဝင်ခံရလို့ ပစ္စည်းသိမ်းတဲ့အချိန်တောင်မရလိုက်ဘူးပေါ့နော်။ သေနတ်တွေဖောက်နေပြီ လူတွေပဲအမြန်လွတ်အောင်လုပ်ရအောင်ဆိုပြီး အရင်ရုန်းခဲ့ရတာပေါ့။ တဲလေးတွေ၊ ပစ္စည်းတွေ၊ ခဲယမ်းလက်နက်တွေ၊ လက်လုပ်သေနတ်တွေ၊ တာဝေးပစ်တွေပေါ့နော် အကုန်ပါသွားတယ်ပေါ့ဗျာ” ဟု ပြောသည်။

စခန်းပြန်လည်ထူထောင်ရန်နှင့် လက်နက်ခဲယမ်းများ ပြန်လည်စုဆောင်းနိုင်ရန်အတွက် ငွေကြေး အလှူငွေများ လိုအပ်နေကြောင်းသူကပြောသည်။

Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့၏ စခန်းဝင်ရောက်စီးနင်းချိန်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ လွတ်မြောက်ခဲ့သော်လည်း စခန်းအတွင်းရှိ တဲအိမ် ၁၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး လက်နက်ကြီး၊ လက်နက်ငယ်များ စုစုပေါင်းတန်ဖိုး သိန်း ၁၅၀ ထက်မနည်း ဆုံးရှုံးခဲ့ရကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီစစ်ကြောင်းက အဆိုပါပြည်သူ့ကာကွယ်ရေးစခန်းကို ဝင်ရောက်စီးနင်းရန် မုံရွေး – ကြေးမုံ တောတစ်နေရာသို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် ပြည်သူ ၃၀ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံခဲ့ရသော ပြည်သူ ၃၀ ဦးတွင် ၂၈ ဦးကို ပြန်လွတ်ပေးခဲ့ကာ နှစ်ဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ထိလွတ်မြောက်လာနိုင်ခြင်းမရှိသေးကြောင်း ပြန်လည်လွတ်မြောက်လာသူ အမျိုးသားတစ်ဦးထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက အဆိုပါပြည်သူ့ကာကွယ်ရေးစခန်းကို ပထမအကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စီးနင်းတိုက်ခိုက်ခံရပြီးနောက် မုံရွေး – ကြေးမုံ တောတွင်းတစ်နေရာသို့ ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်။

Monywa Special ဒိတ်ဒိတ်ကြဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ မဟာမိတ်အဖွဲ့များနှင့်အတူ ပူးပေါင်းကာ တိုက်ပွဲဝင်နေသော အဖွဲ့ဖြစ်သည်။

အဆိုပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လှူဒါန်းမည်ဆိုပါက Monywa Special ဒိတ်ဒိတ်ကြဲ၏ ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာ (https://www.facebook.com/profile.php?id=100077206047665…) ကို ဆက်သွယ်လှူဒါန်းနိုင်သည်။

သတင်း – Ma Di

ဓါတ်ပုံ – Fifty Two News

သင့်ထင်မြင်ချက်ရေးပေးပါ