စစ်ကောင်စီတပ်က နှစ်ရက်အတွင်း မြင်းမူမြို့နယ်မှ ဒေသခံပြည်သူ ၁၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၁၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

တာတိုင်ကျေးရွာမှ အမျိုးသမီးသုံးဦးနှင့် အမျိုးသား ၁၂ ဦးတို့ကို ယနေ့ နံနက် ၈ နာရီခန့်က စစ်ကောင်စီတပ်က ညောင်ရင်းကျေးရွာသို့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မြင်းမူမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“၁၅ ယောက်ကို ဖမ်းသွားတယ် သုံးယောက်က ပြန်လွတ်လာပြီး တာတိုင်ရွာကနေ ဓားစာခံဖမ်းတဲ့ ၁၂ ယောက်ကို သတ်လိုက်တယ်။ သတ်ခံရတဲ့ထဲမှာ မိန်းမတွေလဲပါတယ်လို့ သတင်းရရှိပါတယ်ခင်ဗျ” ဟုပြောသည်။

တာတိုင်ကျေးရွာမှ အမျိုးသားသုံးဦးကိုလည်း ယမန်နေ့ ညနေ ၃ နာရီခန့်က ကျေးရွာအဝင် သင်္ချိုင်းအနီးတွင် စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း Black Eagle Defense Force – MMU တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တာတိုင်ရွာက လူတွေကို စကစ(စစ်ကောင်စီ)တွေက ခေါင်းဖြတ်သတ်ထားတာရှိတယ်ဗျ။ အမျိုးသမီးတွေကိုရော ဓားစာခံအဖြစ်ဖမ်းလာတယ် ညောင်ရင်းဘက်ကို။ ယောကျာ်းလေးတွေ အသတ်ခံလိုက်ရတယ်လို့ သတင်းကြားတယ်” ဟုပြောသည်။

တာတိုင်ကျေးရွာ သင်္ချိုင်းတွင် သတ်ဖြတ်ခံခဲ့ရသူ သုံးဦးတွင် တာတိုင်ကျေးရွာ ပြည်သူ့ကာကွယ်ရေး(ပ.က.ဖ) ခေါင်းဆောင် ကိုကျော်ဇော်ပါဝင်ကြောင်း မြင်းမူမြို့ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က မြင်းမူမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာမှ ဖမ်းခေါ်လာသည့် အသက် ၁၃ နှစ်ခန့်အရွယ်ရှိ ယောကျာ်းလေးနှစ်ဦးကို စစ်ကောင်စီတပ်က ကန်တော်ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ခေါင်းဖြတ်သတ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း တောင်ဘက်ပိုင်းတွင် တည်ရှိသော မြင်းမူမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၈ ခုရှိပြီး လူဦးရေ တစ်သိန်းခန့်နေထိုင်သည်။

သတင်း – Nan non

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ