မြစ်ကြီးနားမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ နိုင်ငံကူးလက်မှတ်များကို အကန့်အသတ်ဖြင့် ထုတ်ပေးနေပြီး မတ်လ ၁၃ ရက်နေ့အထိ ရက်ချိန်းများပြည့်နေကြောင်း သိရသည်။

တစ်ရက်လျှင် လာရောက်လျှောက်ထားသူ ၃၀၀ ခန့်ရှိသော်လည်း လူ ဦးရေ ၁၀၀ ကိုသာ အကန့်အသတ်ဖြင့် ပြုလုပ်ပေးနေခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ခွဲ)နှင့် နီးစပ်သူက The 74 Media ကို ပြောသည်။

“အရင်တုန်းကတော့ တစ်ရက်ကို ၁၃၀ အခုက ၃၀ ပြန်လျော့သွားတာပေါ့။ ဒီမှာလာတန်းစီတဲ့သူက နှစ်ရာ၊ သုံးရာလောက်ရှိတယ်။ နာမည်စာရင်းကြိုပေးရတယ်။ ပြီးရင် ရုံးကရက်ချိန်းပြန်ပြောပေးတယ်။ လူကိုယ်တိုင် မလာဘဲနဲ့ လုပ်ပေးလို့တော့မရဘူး” ဟုသူကပြောသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ပြီးဆုံးပါက စာအုပ်ထုတ်ယူရန် ၁၄ ရက် စောင့်ဆိုင်းရမည်ဖြစ်ပြီး အဆိုပါစာအုပ်ပြုလုပ်ရန် မြန်မာငွေကျပ် ခြောက်သောင်းခွဲ ပေးသွင်းရကြောင်း သူကဆက်ပြောသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့တွင် ညအိပ်စောင့်ဆိုင်းကာ လာရောက်စောင့်ဆိုင်း တန်းစီသူများရှိသော်လည်း စစ်ကောင်စီ၏ အချိတ်အဆက်ဖြင့် လာရောက်တန်းစီခြင်းမရှိဘဲ ကြားဖြတ်ဝင်ရောက်လာသူများလည်းရှိကြောင်း အမည်မဖော်လိုသူ အမျိုးသမီးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျွန်မတန်းစီနေတဲ့အချိန်မှာ ဒါကတပ်ခွဲမှူးတွေရဲ့ လူဟုတ်တယ်ဆိုပြီးမှ ပတ်စ်ပို့လျှောက်တဲ့စာရွက် တစ်ထပ်ကြီးလာပို့တယ်။ သူတို့လူကြီးပိုင်းအချင်းချင်း အဲ့လိုမျိုးအမျိုးအဆွေတွေဆိုရင် မျက်စိစကင်(scan) လာဖတ်တာက လူမရှိတဲ့အချိန်လာတာလား ဘာလားတော့မသိဘူး” ဟုသူကပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများကို ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်က နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်အမျိုးအစား ကိုးမျိုးရှိပြီး ၎င်းတို့မှာ Business Passport (PB) စီးပွားရေးပတ်စ်ပို့၊ Dependent Passport (PT) မှီခိုပတ်စ်ပို့၊ Job Passport (PJ) အလုပ်အကိုင်ပတ်စ်ပို့၊ Religious Passport (PR) ဘာသာရေးပတ်စ်ပို့၊ Seaman Passport (PS) သင်္ဘောသားပတ်စ်ပို့၊ Student Passport (PE) ကျောင်းသားပတ်စ်ပို့၊ Visit Passport (PV) အလည်အပတ်ပတ်စ်ပို့၊ Diplomatic Passport (PD) သံတမန်ပတ်စ်ပို့၊ Official Passport (PO) အစိုးရဝန်ထမ်းပတ်စ်ပို့ တို့ဖြစ်သည်။

သတင်း – Pan Soon

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ