ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးပေါ်တွင် ယနေ့ မွန်းလွှဲ တစ်နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကော့ကရိတ်မြို့ နယ် ဒေသအခေါ် တစ်မိုင်ကုန်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကော့ကရိတ် တစ်မိုင်ကုန်းနားမှာဖြစ်တာ တိုက်ပွဲသံတွေတော့ကြားနေရတယ်။ ခုတော့ ငြိမ်သွားပြီ” ဟုပြောသည်။

ညနေလေးနာရီခွဲခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေချိန် ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခ.လ.ရ) ၉၇ က လက်နက်ကြီး ပစ်ကူခဲ့ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“ခုကတော့ အသံတိတ်သွားပြီ။ ၉၇ တပ်ကနေတော့ လက်နက်ကြီးနဲ့ပစ်တယ်။ ကော့ကရိတ် အမှတ်(၁) ချောင်းတောင်နားက အာရှလမ်းဘေးက သင်္ချိုင်းကုန်းနားမှာဖြစ်တာ” ဟုပြောသည်။

အဆိုပါတိုက်ပွဲတွင် Lion Battalion Commando Special Force စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Lion Battalion Commando Special Force ကထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအခြေနေနှင့် ပတ်သက်ပြီး Lion Battalion Commando Special Force ၏ ပြန်ကြားရေးတာဝန်ခံကို The 74 Media က ဆက်သွယ်ရန်ကြိုးစား‌နေဆဲဖြစ်သည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲစခန်းနှင့် လက်အောက်ခံ မွန်တပ်စခန်းတစ်ခု ကို ဇန်နဝါရီ ၁၆ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – Lion battalion commando special forces ဗျူဟာစစ်ကြောင်း(ပုံဟောင်း)

သင့်ထင်မြင်ချက်ရေးပေးပါ